သြဂုတ် ၄ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်၌ ၂၀၁၉ ခုနှစ်၊ (အဋ္ဌမ) အကြိမ်မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို သြဂုတ် ၃ ရက် နံနက် ၈ နာရီတွင် ကျင်းပခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ ပတ်ဝန်းကျင်ကိုထိန်းသိမ်းပြီး သဘာဝတရားကို မျှတအောင် ဆောင်ရွက်ဖို့လိုကြောင်း၊ မိမိတို့နိုင်ငံနှင့် ကမ္ဘာကြီးတဝှမ်းလုံး ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနေရပြီး၊ သဘာဝတရားက တုံ့ပြန်သည့် တုံ့ပြန်မှုများကို ရင်ဆိုင်နေရသည့် အချိန်ကာလ တစ်ခုဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် စတင်တာဝန်ယူသည့် အချိန်ကစပြီး ရေကြီးရေလျှံသည့် ကိစ္စကို ဦးစားပေးအစီအစဉ် တစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ မိုးရွာသည့် အခြေအနေတွင် မိုးများတအားကြီးလာပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်လာရကြောင်း၊ နွေရာသီတွင်လည်း အပူရှိန် တအားမြှင့်လာကြောင်း၊ ၎င်းအခြေအနေများကို မထိန်းညှိနိုင်ဘူးဆိုရင် သဘာဝတရားကြီးကနေ မိမိတို့ကို တုံ့ပြန်မှုများ ရှိလာနိုင်ကြောင်း၊ ၎င်းအခြေအနေကို မိမိတို့ ဘယ်လို ထိန်းသိမ်းမလဲဆိုရင် ကမ္ဘာမြေကြီးကို သစ်ပင်တွေနှင့် အေးချမ်းအောင် ပြန်လည်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးနှင့် မြောင်းတကာ သံမဏိသံရည်ကျိုစက်မှုဇုန် ဥက္ကဋ္ဌ ဦးရွှေထူးတို့က သစ်ပင်စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် စိုက်ပျိုးမည့် သစ်ပင်များကို ပေးအပ်ကာ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ သစ်ပင်များစိုက်ပျိုးပေးကြသည်။ ယင်းနောက် တက်ရောက်လာကြသူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရူအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် မဟော်ဂနီ၊ ပိတောက် အပါအဝင် သစ်ပင်ပေါင်း ၁၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ပြီး၊ သစ်တောဦးစီးဌာနက ပံ့ပိုးပေးခဲ့သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အများဆုံး စုပ်ယူနိုင်သော ဝါးဖြူပင်မျိုး ၄၀၀၀ ကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)


