မှော်ဘီ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်အတွင်း ဇူလိုင် ၄ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာပေါင်း (၁၈၉)ဦးရှိပြီး (၅)ဦး သေဆုံးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများကို မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံ၊ မြောင်းတကာတိုက်နယ်ဆေးရုံ၊ မြောင်းတကာ မိုးကုတ်ဝိပဿနာရိပ်သာ(ခွဲ)နှင့် အမှတ်(၂)ရပ်ကွက် မိုးကုတ်ဝိပဿနာဓမ္မာရုံတို့တွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိသူများကို အမှတ်(၂)ရပ်ကွက် မိုးကုတ်ဝိပဿနာဓမ္မာရုံတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကောင်းမြတ်သူ(ပြန်/ဆက်)


