ရွှေဘို   ၁၀  စက်တင်ဘာ 


ရွှေဘိုမြို့ရှိ မော်ဓောမြင်သာ မြို့ထောင့်စေတီတော် (၂၀၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပမြဲဖြစ်သော တော်သလင်းလပြည့်ကျော် ၇ ရက်မှ သီတင်းကျွတ်လဆန်း ၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့ထောင့်စေတီဘုရား ဂေါပကဥက္ကဋ္ဌ ဦးမြအေးထံမှ သိရသည်။


“ရွှေဘိုဒေသခံတွေအတွက် တစ်နှစ်တစ်ခါ ရက်ရှည်ကျင်းပတဲ့ ဘုရားပွဲဆိုတော့ အနယ်နယ်အရပ်ရပ်က လာရောက်ကြသူတွေနဲ့ အင်မတန်မှ စည်ကားလှပါတယ်၊ ဘုရားပွဲတော်ချိန် မရောက်ခင်ကတည်းက လာရောက်ကြသူတွေ၊ ဈေးဝယ်ကြသူတွေ ရှိနေပါပြီ၊ အဝတ်အထည်၊ အလှကုန်၊ စောင်၊ ခြင်ထောင်၊ စားသောက်ကုန် အမျိုးမျိုးနှင့် အရုပ်ဆိုင်များ၊ လယ်ယာသုံးပစ္စည်းများ၊ တောင်သူသုံး ပစ္စည်းဆိုင်များ၊ ပရိဘောဂပစ္စည်းဆိုင်များ၊ မုန့်ဈေးတန်းများဖြင့် စည်ကားလျက်ရှိပါတယ်” ဟု ရွှေဘိုဒေသခံ ဦးထွန်းကျော်က ပြောသည်။


အဆိုပါ ဘုရားပွဲတော်တွင် လှေခင်းသဘင်ပွဲနှင့် လှေပြိုင်ပွဲ ပါရှိမည်ဖြစ်ပြီး  တော်သလင်းလပြည့်ကျော်  ၁၂၊ ၁၃၊ ၁၄ ရက်များတွင် လှေပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  မြို့ထောင့်စေတီ ဘုရားဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးစိုးဝင်းထံမှ သိရသည်။


ရွှေဘိုမြို့ရှိ မော်ဓောမြင်သာ မြို့ထောင့်စေတီတော်မြတ်ကြီးကို သက္ကရာဇ် ၁၁၁၉ ခုနှစ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်တော်မူခဲ့ကြောင်း သိရသည်။


မိုးသောက် (ရွှေဘို)