တိုကျို ဩဂုတ် ၂၂
အမေရိကန်ထုတ် ကိုဗစ်-၁၉ကာကွယ်ဆေးဖြစ်သည့် မော်ဒါနာဆေးကို အသုံးပြုနိုင်သည့် အငယ်ဆုံးအသက်ကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ယခင် ၁၈ နှစ် သတ်မှတ်ထားရာမှ ၁၂ နှစ်အထိ ပြောင်းလဲသတ်မှတ်လိုက်သည်။ ဖိုက်ဇာကာကွယ်ဆေးကို အသုံးပြုနိုင်သည့် အငယ်ဆုံးအသက် ပမာဏကိုလည်း ၁၆ နှစ်မှ ၁၂ နှစ်အထိသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။
မော်ဒါနာကာကွယ်ဆေးကို မေလအတွင်း အသုံးပြုခွင့် ခွင့်ပြုပေးခဲ့ပြီး အသုံးပြုနိုင်သည့် အငယ်ဆုံးအသက်အပိုင်းအခြားကို ၁၈ နှစ်ဟု သတ်မှတ်ခဲ့သည်။
နောက်ပိုင်းတွင် မော်ဒါနာကုမ္ပဏီက ၎င်းတို့ ထုတ်လုပ်သည့် ကာကွယ်ဆေးမှာ အသက် ၁၂ နှစ်မှ ၁၇ နှစ်အထိ လုံခြုံစိတ်ချရမှုရှိသည်ဟု အတည်ပြုနိုင်ခဲ့သည့်အတွက် ဂျပန်အစိုးရထံ ခွင့်ပြုခွင့် လျှောက်ထားခဲ့သည်။
ထို့နောက် ဇူလိုင် ၁၉ ရက်က ပြုလုပ်သည့် ကျွမ်းကျင်သူများ အစည်းအဝေးတွင် မော်ဒါနာဆေးကို အသုံးပြုနိုင်သည့် အငယ်ဆုံး အသက်အပိုင်းအခြားကို ကြေညာခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဂျပန် နိုင်ငံတစ်လွှားတွင် အသက် ၁၂ နှစ်မှ ၁၇ နှစ်အထိ ကလေးများကို မော်ဒါနာကာကွယ်ဆေး ထိုးပေးခွင့်ရပြီဖြစ်သည်။
အင်န်အိတ်ချ်ကေ