မိုးညှင်း ၈  သြဂုတ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာတွင် သြဂုတ် ၈ ရက်နေ့ နံနက် ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေးတန်ချောင်း ရေကြီးရေလျှံမှုကြောင့် ကျောက်မျက်ဖွံ့ဖြိုးရေး ရန်ပုံငွေ (CSR) ဖြင့် ဆောက်လုပ်ထားသော ကျောက်စီမြေထိန်းနံရံများ ပြိုကျပျက်စီးခဲ့သည်။

 

အဆိုပါ ရေကြီးရေလျှံမှုကြောင့် မော်ဟန်ကျေးရွာ အရှေ့ဘက်ကမ်းရှိ လေးတန်ချောင်းဘေး ကျောက်စီမြေထိန်းနံရံ အရှည်ပေ (၆၀၀) ခန့် ပြိုကျပျက်စီးခဲ့ရာ ခန့်မှန်းငွေကျပ် သိန်း (၂၀၀) ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လေတန်ချောင်း တာရိုးကမ်းဘောင် နှစ်နေရာကျိုးကျသဖြင့် ရေစီးအတွင်းသို့ မျောပါခဲ့သည်။

 

အခင်းဖြစ်ရာသို့ မော်ဟန်ရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ မော်ပင့်​ကျေးရွာ တာဝန်ခံ ဦးရန်မျိုးနိုင်နှင့် ရာအိမ်မှူးများ၊ CSR တည်ဆောက်ရေးကော်မတီဝင်များ၊ ဒေသ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့ဝင်များ ရောက်ရှိလာပြီး ပျက်စီးသွားသော​ ကျောက်စီမြေထိန်းနံရံ ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

“ဒီနေ့မနက် ၃ နာရီခန့်က လေးတန်ချောင်းဖျားအထက် ဆင်ခေါင်းတောင်ခြေတစ်ဝိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လေးတန်ချောင်း ရေကြီးရေလျှံပြီး ​လေးတန်ချောင်းဘေးက မော်ဟန်ရွာနဲ့​ မော်ပင့်ရွာ ချောင်းကမ်းဘေးတစ်လျှောက် CSR ရန်ပုံငွေနဲ့ တည်ဆောက်ထားတဲ့ ကျောက်စီမြေထိန်းနံရံတွေ ပြို​ကျပျက်စီးခဲ့ပါတယ်” ဟု မော်ပင့်ကျေးရွာ တာဝန်ခံ ဦးရန်မျိုးနိုင်က ပြောကြားသည်။

 

၂၀၁၇/ ၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျောက်မျက်ဒေသ ဖွံဖြိုးရေးရန်ပုံငွေ (CSR) ဖြင့် မော်ဟန်ကျေးရွာ အရှေ့ဘက် လေးတန်ချောင်းတွင် မော်ဟန်ရွာနှင့် မော်ပင်ကျေးရွာအထိ ချောင်းကမ်းဘေးတစ်လျှောက် အရှည်ပေ (၃၀၀၀) ခန့်ရှိ ကျောက်စီမြေထိန်းနံရံကို တည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ကျောက်စီမြေထိန်းနံရံ အရှည်ပေ (၁၀၀) ခန့် နှစ်နေရာပျက်စီးခဲ့ရာ ပြန်လည်ပြုပြင်ခဲ့ကြောင်း သိရသည်။

 

ယနေ့နံနက် ရေကြီးရေလျှံမှုကြောင့် အမှတ် (၂) ကျောက်စီ မြေထိန်းနံရံအရှည် (၂၀၀) ပေခန့်နှင့် အမှတ် (၃) ကျောက်စီ မြေထိန်းနံရံအရှည် ပေ (၄၀၀) ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

နီတိုး