၂၀ မေ
အမေရိကန်ဟာ တရုတ်ကုန်ပစ္စည်းတွေအပေါ် ထပ်မံအခွန်စည်းကြပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ကနေဒါနိုင်ငံအပေါ်မှာတော့ အခွန်စည်းကြပ်မှုတွေကို ဖြေလျှော့ပေးခဲ့ပါတယ်။ ကနေဒါနိ်ုင်ငံက သံမဏိနဲ့အလူမီနီယံ သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်စည်းကြပ်မှုကို အမေရိကန်က ဖြေလျှော့ပေးနိုင်ဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒီအရွေ့ကနေ မြောက်အမေရိကကုန်သွယ်ရေး သဘောတူစာချုပ်အသစ်ကို ချုပ်ဆိုင်နိုင်ဖို့ ထောက်ခံမှုတစ်ခု ဖြစ်လာမှာပါ။
သတင်းကောင်းတစ်ခု
ပူးတွဲသတင်းထုတ်ပြန်ချက်မှာတော့ သံမဏိသွင်းကုန် ပစ္စည်းတွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားမှုနဲ့ အလူမီနီယံသွင်းကုန်တွေကို ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ် ထားတာကို အဆုံးသတ်တော့မယ်လို့ အမေရိကန်ရော ကနေဒါကပါ ကြေညာခဲ့ပါတယ်။ မက္ကဆီကိုဘက်ကလည်း အလား တူကြေညာချက် ထုတ်ပြန်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ လွန်ခဲ့တဲ့နှစ်ကစပြီး သံမဏိနဲ့အလူမီနီယံပစ္စည်းတွေအပေါ် အခွန်စည်းကြပ်မှု ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့်လည်း အမေရိကန်နဲ့ ကနေဒါတို့ဟာ သွင်းကုန်တွေကိုစောင့်ကြည့်ကြမှာဖြစ်ပြီး ဈေးကွက်ကိုထိခိုက် စေမယ့် စုပြုံမှုမျိုးဖြစ်မလာအောင် နှစ်ဖက်စလုံးက ထိန်းသိမ်းကြမှာပါ။ ဒါ့အပြင် အခွန်စည်းကြပ်မှုကို ပြန်လည်ပြုလုပ်လို့ရ တယ်လို့ သိရပါတယ်။
အထောက်အကူဖြစ်
အခုလို အခွန်စည်းကြပ်မှု ဖြေလျှော့ပေးလိုက်ခြင်းအားဖြင့် ကုန်သွယ်ရေးစာချုပ်နဲ့ ပတ်သက်ပြီး အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို သုံးနိုင်ငံ သဘောတူညီချက်အတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။ USMCA လို့ခေါ်တဲ့ အမေရိ ကန်၊ ကနေဒေါ၊ မက္ကဆီကို သုံးနိုင်ငံသဘောတူညီမှုဟာ ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာလည်း ဖြစ်ပါတယ်။ မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေးသဘောတူ စာချုပ် NAFAT အစား ချုပ်ဆိုခဲ့တဲ့စာချုပ်လည်း ဖြစ်ပါတယ်။ အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတို့က သံမဏိနဲ့အလူမီနီယံ ပစ္စည်းတွေအပေါ် အခွန်စည်းကြပ်မှု ဖြေလျှော့ကြောင်း ကြေညာခြင်းအားဖြင့် အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ အစိုးရ တို့ဟာ USMCA စာချုပ်ကို အတည်ပြုဖို့ ကိုယ့်အစိုးရ အဖွဲ့အတွင်းမှာ တောင်းဆိုခွင့်ရသွားတော့မှာပါ။ ကနေဒါနိုင်ငံကလည်း အမေရိကန်သွင်းကုန်ပစ္စည်း သံမဏိနဲ့ အလူမီနီယံ တို့ကို အခွန်စည်းကြပ်မှု ဖယ်ရှားပေးတော့မယ်လို့ ကြေညာခဲ့ပါတယ်။
တားအဆီးများရှိခဲ့
အခုဆိုရင် တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေး သဘောထားတင်းမာမှုဟာ တဖြည်းဖြည်း မြင့်တက်လာတဲ့အတွက် တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုဟာလည်း ဒီအပေါ်မှာပဲ ကျရောက်နေပါတယ်။ ဒီလိုအချိန်မျိုးမှာ ကနေဒါနဲ့ မက္ကဆီ ကိုကလာမယ့် သံမဏိနဲ့ အလူမီနီယံတို့အပေါ် အမေရိကန်က အခွန်စည်းကြပ်မှု ဖြေလျှော့ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းဟာဆိုရင် အံ့အားသင့်ဖွယ် သတင်းကောင်းတစ်ခုပါပဲ။ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို သုံးနိုင်ငံသဘောတူစာချုပ်ကို အတည်ပြုဖို့အတွက် အခွန်စည်းကြပ်မှုတွေဟာ အတားအဆီးတွေဖြစ်ခဲ့ပြီး ကနေဒါနဲ့ မက္ကဆီကိုဟာလည်း သူတို့အပေါ် အခွန်စည်းကြပ်မှု ပြုလုပ်ထားသရွေ့ ဒီသဘောတူစာချုပ်ကို ရှေ့မဆက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် လွှတ်တော် အမတ်တချို့ရဲ့ ကန့်ကွက်မှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ဒါတွေကိုဖြေရှင်းပြီး မြောက်အမေရိက ကုန်သွယ်ရေးချဲ့ထွင်မှုအတွက် ခေတ်သစ်ကို ရောက်လာတော့မှာပါ။
နှစ်ဖက်စလုံးကို ထိခိုက်နစ်နာစေ
အခွန်စည်းကြပ်မှုပြုလုပ်ရတာကို နှစ်သက်သူလို့ နာမည်ကြီးနေတဲ့ ထရမ့်အတွက်လည်း အောင်မြင်မှုတစ်ခုဖြစ်လာမှာပါ။ မြောက်အမေရိကတိုင်းပြည်တွေနဲ့ ကုန်သွယ်ရေး ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာခြင်းဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲအတွက် အလားအလာကောင်း ဖြစ်မလာနိုင်ဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ပါဘူး။ တရုတ်နိုင်ငံရဲ့ အခွန်စည်းကြပ်မှုကတော့ အမေရိကန်လယ်ယာထွက်ကုန်တွေနဲ့ အိမ်သုံးပစ္စည်းတွေ အပေါ်အဓိကပစ်မှတ်ထားပါတယ်။ ဒီအခွန်စည်းကြပ်မှုတွေဟာ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ အလုပ်သမားတွေ၊ ဝယ်ယူသူတွေ အားလုံးအတွက် ထိခိုက်နစ်နာမှုကိုဖြစ်စေတယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုက ပြောပါတယ်။ NAFAT စာချုပ်အသစ်ဆီကို ချီတက်နေတဲ့အချိန် ကျွန်တော်တို့နိုင်ငံတွေကြားမှာ သံမဏိနဲ့အလူမီနီယံတို့ အပေါ် အခွန်စည်းကြပ်မှုမျိုး မရှိသင့်ဘူးလို့ ၄င်းက ဆက်ပြောပါတယ်။
ဆုံးဖြတ်ချက်ချရန်နှောင့်နှေး
သမ္မတ ထရမ့်ဟာ မကြာခဏဆိုသလို အခွန်စည်းကြပ်မှုတွေ ပြုလုပ်လို့ အခွန်စည်းကြပ်ရေးသမားလို့ ခေါ်ဝေါ်ခံနေရသူပါ။အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုကြောင့် တခြားသောတိုင်းပြည် တွေမှာ ဘယ်လိုမျိုးသက်ရောက်မှုတွေ ရှိခဲ့ကြပါသလဲ။ ဥရောပသမဂ္ဂကနေ အမေရိကန်ကိုတင်ပို့တဲ့ စတီးနဲ့အလူမီနီယံပစ္စည်း တွေအပေါ်မှာတော့ အခုထက်ထိတိုင် အခွန်စည်းကြပ်မှုက ရှိနေတုန်းပါပဲ။ ဒါပေမယ့် နှစ်ဖက်အကြားမှာ သတင်းကောင်းရှိ တယ်လို့တော့ ထရမ့်က ပြောခဲ့ပါတယ်။ အမေရိကန်ကို ကားနဲ့ ကားအစိတ်အပိုင်းပစ္စည်းတွေ တင်သွင်းမှုမှာ အခွန်စည်းကြပ်မှု ပြု မပြု ဆုံးဖြတ်ချက်ချဖို့ ထရမ့်က နှောင့်နှေးခဲ့ပါတယ်။ အမေရိကန်ဘက်က ဆုံးဖြတ်ချက်ချဖို့ နောက်ထပ်ခြောက်လ ရွှေ့ဆိုင်းလိုက်ပြီး ဥရောပသမဂ္ဂနဲ့ ဂျပန်နိုင်ငံတို့အတွက် ကုန်သွယ်ရေးဆွေးနွေးဖို့ အချိန်ပိုရသွားပါတယ်။ အမေရိကန်ကို တင်သွင်း မယ့် ကားနဲ့ ကားအစိတ်အပိုင်းပစ္စည်းတွေကို ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ့်အရေး ဆုံးဖြတ်ချက် မချရသေးပါဘူး။ စဉ်းစားဆဲအခြေအနေမှာပဲ ရှိပါသေးတယ်။
မျိုးသားလုံခြုံရေးကို ခြိမ်းခြောက်
ကုန်သွယ်ရေးဌာနရဲ့ ပြောဆိုချက်အရတော့ ပြည်ပက တင်သွင်းတဲ့ ကားနဲ့ ကားအစိတ်အပိုင်းပစ္စည်းတွေဟာ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုပဲလို့ ဆိုပါတယ်။ ဒီအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ဖော်ကြေညာရခြင်း မပြုရသေးပါဘူး။ ဒါပေမယ့် အမေရိကန်ကားထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဟာ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ ပျက်ကွက်ကြတယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
ပြည်တွင်းစီးပွားရေးကို ယိုင်နဲ့စေ
အမေရိကန် ကားထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဟာ ဆန်းသစ်တီထွင်မှု ပြုလုပ်ဖို့ အားနည်းကြတယ်လို့ ထရမ့်က ပြောပါတယ်။ ကားနဲ့ ထရပ်ကားတွေ ပြည်ပကနေတင်သွင်းခြင်းဟာ ပြည်တွင်းစီးပွားရေးကို ယိုင်နဲ့စေတယ်ဆိုတဲ့ လေ့လာမှုကိုတော့ ထရမ့်က သဘောတူခဲ့ပါတယ်။ ဒါပေမယ့်လည်း ဥရောပသမဂ္ဂနဲ့ ဂျပန်တို့ရဲ့ ကားနဲ့ ဆက်စပ်ပစ္စည်းအပေါ် အခွန်စည်းကြပ်မှု တိုးမြှင့်ဖို့ကိုတော့ ထရမ့်အနေနဲ့ နှောင့်နှေး နေဆဲပါပဲ။
တရုတ်သမ္မတနှင့် တွေ့ဆုံနိုင်ရန် မျှော်လင့်
ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ ထရမ့်က ဒေါ်လာ ၂၀ဝ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေကို အမေရိကန်က အခွန်စည်းကြပ်မှု ပြုလုပ်ခဲ့တဲ့နောက်မှာတော့ တရုတ်ကလည်း အမေရိကန်သွင်းကုန်တွေအပေါ် တန်ပြန်အခွန်စည်းကြပ်မှုပြုလုပ်ဖို့ အကောင်အထည်ဖော်ပါတော့တယ်။ အမေရိကန် သမ္မတကတော့ ဇွန်လအတွင်း ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် ဂျီ - ၂၀ ထိပ်သီးအစည်းအဝေးပွဲမှာ တရုတ်သမ္မတနဲ့ တွေ့ဆုံ သွားဖို့ မျှော်လင့်ထားပါတယ်။ ။
ကိုးကား - ဘီဘီစီ
ခြူးစန္ဒီနွေး