မြောက်အမေရိကားရဲ့ ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်အဖြစ် ဆက်လက်ရပ်တည်နေတဲ့ Black Panther

လူမည်းဇာတ်ကောင်တစ်ဦးကို လူစွမ်းကောင်းအဖြစ် အဓိက  ဇာတ်ဆောင်နေရာမှာ  ထားရှိပုံဖော်ထားတဲ့ မာဘယ်လ် ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ရုပ်ရှင် “Black Panther” ဟာ ပြီးခဲ့တဲ့ လအတွင်းက စတင်ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

 


စတင်ရုံတင်ခဲ့သည်မှာ သီတင်းပတ် ငါးပတ်ရှိပြီဖြစ်ပေမယ့် မြောက်အမေရိကားရဲ့ ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင် ဆယ်ကားစာရင်းကို ဦးဆောင်ထားနိုင်ဆဲဖြစ်ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 


အပြိုင်ရုံတင်ခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ အဖွင့်သီတင်းပတ်အဖြစ် စတင်ရုံတင်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ တွေ့ကြုံခဲ့ရပေမယ့် ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်အဖြစ် “Black Panther” ကသာ ဆက်လက် ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ငါးပတ်မြောက် သီတင်းပတ်အကုန်မှာလည်း တစ်ပတ်အတွင်း ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာမှ စတင်ရုံတင်ခဲ့တဲ့ရုပ်ရှင် “Tomb Raider”ရဲ့ တစ်ပတ်အတွင်းဝင်ငွေကို ကျော်လွန်ကာ နံပါတ်တစ်နေရာကို ရယူထားခဲ့တာ ဖြစ်ပါတယ်။ ဒီလို သီတင်းပတ် ငါးပတ်ဆက်တိုက် ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်အဖြစ် ရပ်တည်နိုင်ခဲ့တာဟာ ရုပ်ရှင်သမိုင်းတစ်လျှောက်မှာတော့ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း ရုံတင်ခဲ့တဲ့ “Avatar” နဲ့ “Black Panther” တို့သာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း “Black Panther” ရရှိခဲ့တဲ့ ခန့်မှန်းဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၇ သန်း ဖြစ်ပါတယ်။

 


စတုတ္ထမြောက် သီတင်းပတ်အတွင်း မြောက်အမေရိကားမှာ ရုံတင်ခဲ့ရာမှာတော့ “Black Panther” ဟာ တစ်ပတ်အတွင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၄ သန်း ရရှိခဲ့ကာ ဝင်ငွေအကောင်းဆုံး ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ စတင်ရုံတင်ခဲ့သည်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အထိ ယင်းရုပ်ရှင်ရဲ့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၆၀၅ ဒသမ ၄ သန်း ရရှိခဲ့ပါပြီ။ မာဘယ်လ်ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ ပထမဆုံးသော လူစွမ်းကောင်းရုပ်ရှင်ဖြစ်ပြီး လူမည်းဇာတ်ကောင်ကို အဓိကဇာတ်လိုက် လူစွမ်းကောင်းအဖြစ် ရိုက်ကူးပုံဖော်ထားတဲ့ ယင်းရုပ်ရှင်ဟာ တရုတ်နိုင်ငံမှာ ရုံတင်ခဲ့ရာမှာလည်း ပွဲဦးထွက် ကောင်းမွန်ခဲ့ပြီး စတုတ္ထမြောက် ရုံတင်သီတင်းပတ်အတွင်းမှာပင် ကမ္ဘာတစ်ဝန်းမှရရှိခဲ့တဲ့ ဝင်ငွေဟာ တစ်ဘီလီယံကျော်ခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလိုဝင်ငွေ ကောင်းမွန်ခဲ့တာကြောင့် အဆိုပါရုပ်ရှင်ဟာ မာဘယ်လ် ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်အဖြစ် စံချိန်တင်ထားတဲ့ “The Avengers” ရဲ့ ဝင်ငွေကို လိုက်မှီဖို့ နီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။ “The Avengers”ကတော့ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၆၂၃သန်းနဲ့ စံချိန်တင်ထားတာ ဖြစ်ပါတယ်။ 

 


ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတင်ရုံတင်ခဲ့တဲ့ ရုပ်ရှင် “Tomb Raider” ကတော့ “Black Panther” ရဲ့ဝင်ငွေကို မကျော်လွန်နိုင်ခဲ့ဘဲ အဖွင့်သီတင်းပတ်မှာ ဒုတိယမြောက် ဝင်ငွေအကောင်းဆုံးနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ရုပ်ရှင်ရုံပေါင်း ၃၈၅၄ ရုံမှာ ရုံတင်ခဲ့တဲ့ “Tomb Raider” ဟာ စတင်ရုံတင်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းသာ ရရှိခဲ့ပြီး နိုင်ငံတကာမှ ရရှိခဲ့တဲ့ ခန့်မှန်းဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၅ သန်းခန့် ရှိခဲ့တာဖြစ်ပါတယ်။

 


တတိယမြောက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာမှ စတင်ရုံတင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ “I Can Only Imagine” ဖြစ်ပါတယ်။

 


နာမည်ကျော်များစွာ ပါဝင်ထားပြီး နာမည်ကျော် ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့တဲ့ ဒစ်စနေရဲ့ ရုပ်ရှင် “A Wrinkle in Time” ကတော့ ဒုတိယမြောက် ရုံတင်သီတင်းပတ်ဖြစ်တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ သန်း ရရှိခဲ့ပြီး စတုတ္ထမြောက် ဝင်ငွေအကောင်းဆုံး ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ ယင်းရုပ်ရှင်ဟာ အမျိုးသမီးဒါရိုက်တာတစ်ဦး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေအနက် ဒုတိယမြောက် အကုန်အကျအများဆုံး ရုပ်ရှင်ဖြစ်ခဲ့ပေမယ့် စတင်ရုံတင်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၃ သန်းသာ ရရှိခဲ့ပြီး ရိုက်ကူးရေး ကုန်ကျစရိတ် စုစုပေါင်းကတော့ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် ရှိခဲ့တာဖြစ်ပါတယ်။ ယင်းရုပ်ရှင်မှာတော့ ဟောလိဝုဒ်ရဲ့ အထင်ကရ ကြယ်ပွင့်တွေဖြစ်ကြတဲ့ အော်ပရာဝင်းဖရေးလို ဝါရင့်သရုပ်ဆောင်တွေ ပါဝင်သလို ရီးဝစ်သားစပွန်း၊ မစ်ဒီကာလင်းတို့လို နာမည်ကျော်တွေလည်း ပါဝင်ထားတာ ဖြစ်ပါတယ်။ သီတင်းပတ် နှစ်ပတ်မြောက်မှာတော့ ယင်းရုပ်ရှင်ရဲ့ ဒေသတွင်းမှ ရရှိခဲ့တဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၉ သန်းခန့်သာ ရှိသေးတာ ဖြစ်ပါတယ်။

 


အေးပြည့်