ခင်ရတနာ
အိမ်ခြေ ၂၀ ကျော်သာရှိသည့် ဇီယာဒမ်း ကျေးရွာကလေးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်စွန်း ရွာဖြစ်သည်။ ပူတာအိုခရိုင်အတွင်းရှိ ဇီယာဒမ်းသည် မြေသားနှင့်ရေခဲထုတို့အကြား ဆက်သွယ်ပေးသည့် နယ်နိမိတ် အစဖြစ်သည်ဟု ရေခဲတောင်တက်သူတို့က ဆိုကြသည်။ ပူတာအိုခရိုင် ဇီယာဒမ်းကျေးရွာသည် ရေခဲတောင်များရှိရာ တက်ရောက်ကြမည့် ရေခဲတောင်တက်ခရီးစဉ် အများအပြား၏ ဆုံမှတ်အစပင်ဖြစ်သည်။
“ရေခဲတောင်တက်ခရီးစဉ်တွေ ခေတ်စားလာတာ သုံးနှစ်လောက်ရှိပြီ။ ရေခဲတောင်တွေဟာ မှန်းဆရခက်တယ်။ ရာသီဥတုဟာလည်း မှန်းဆရခက်တယ်။ သဘာဝကိုခံစားဖို့နဲ့ ခံစားမှုအသစ်တွေ လိုအပ်တယ်ဆိုရင်တော့ ပူတာအို ခရိုင်ထဲက ရေခဲတောင် ခရီးစဉ်က အဖိုးမဖြတ် နိုင်ဘူး”ဟု ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် နေထိုင်သူ ဒေါ်ချန်းသီတာက ပြောကြားသည်။
ထူးခြားသောဘူမိရုပ်သွင်
ပူတာအိုဒေသသည် ထူးခြားသော ဘူမိရုပ်သွင်ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများအတွင်း တစ်နှစ်ပတ်လုံး ရေခဲများဖုံးလွှမ်းနေပြီး ဟိမဝန္တာအရှေ့ဖျား ဖြစ်သကဲ့သို့ မြန်မာတို့၏ အသက်သွေးကြော ဧရာဝတီမြစ်ဖျားခံရာ ရေဝေရေလဲ ဒေသကြီးလည်းဖြစ်သည်။ ပူတာအို ဒေသတွင် ၁၂ မိုင်ခန့်ကျယ်၍ မိုင် ၂၀ ရှည်လျားသည့် ပူတာအို ချိုင့်ဝှမ်းလွင်ပြင်အဖြစ် မန်စေခွန် ကျေးရွာတစ်ဝိုက်မှ ပူတာအိုမြို့တောင်ဘက် တန်ဂျာကျေးရွာတို့အထိ ရှည်လျားသည့် မြေပြန့်တစ်ခုသာ ပါရှိသည်။ ဇီဝမျိုးစုံမျိုးကွဲများနှင့် တောင်တန်းဂေဟစနစ် (Mountain Ecosystem)၊ သစ်တောဂေဟစနစ် (Forest Ecosystem)၊ မြက်ခင်းဂေဟစနစ် (Grassland Ecosystem)၊ ကုန်းတွင်း ရေဝပ်ဒေသ ဂေဟစနစ် (Inland Wetland Ecosystem) တို့ မပျက်မစီးဘဲ တည်ရှိနေသည့် ဒေသလည်း ဖြစ်သည်။
“လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတယ်။ ဒါပေမယ့် သဘာဝဒေသကို သွားမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကို ထည့်တွက်လို့မရပါဘူး။ ပင်ပန်းရကျိုးနပ်စေမယ့် ဒေသခရီးသွားတစ်ခုဖြစ်ပါတယ်။ ဘယ်တော့မှ မရိုးနိုင်တဲ့၊ တစ်ခါလာပြီးရင် အထပ်ထပ်လာချင်တဲ့ ရေခဲတောင်ဒေသမို့ ခရီးသွားတွေ အရင်ကထက် ပိုလာကြတယ်။ အရင်ထက်စာရင် အများကြီး သွားရေးလာရေး လွယ်ကူခဲ့ပြီ။ ခရီးသွားတွေလည်း တဖွဲဖွဲလာကြသလို ဒေသခံတွေရဲ့အလုပ်အကိုင်မှာလည်း စနစ်ကျတဲ့ လမ်းပြအလုပ်အကိုင်တွေ ဖြစ်လာတယ်။ ကျွန်တော်တို့ဒေသကို လာလည်စေချင်တယ်”ဟု ပန်နန်းဒင် ဒေသခံ ဦးခင်ဖန်ဆိန်းအောင်က ပြောကြားသည်။
ပူတာအိုဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ဒေသ၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးတို့တွင် အခက်အခဲများစွာ ကြုံခဲ့ပြီး မြေပြန့်နှင့် လွယ်ကူစွာဆက်သွယ်နိုင်မှု ခက်ခဲခဲ့သည်။ ထိုအရာများသည် ယခုအခါ အရှိန်အဟုန်ဖြင့် ပြောင်းလဲကာ တိုးတက်မှုများစွာကို ခံစားနေကြရပြီဖြစ်သည်ကို ပူတာအိုခရိုင်၏ နှစ်အလိုက်ဆောင်ရွက်မှု မှတ်တမ်းများအရ သိရှိရသည်။
လမ်းအဆင့်မြှင့်တင်ခြင်းမှသည်
၂၀၁၅ ခုနှစ်မှစတင်ကာ မြစ်ကြီးနား-ပူတာအိုလမ်းကို အထူးပြုပြင်မွမ်းမံခြင်း စီမံကိန်းရေးဆွဲကာ ဒေသအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကို မြှင့်တင်နိုင်ခဲ့ခြင်းသည် သုံးနှစ်တာအလွန် ယခုကာလအတွက် အောင်မြင်မှု အသီးအပွင့်များကို ခံစားနိုင်ခဲ့ပြီဖြစ်သည်ဟု ဒေသတာဝန်ခံများက ဂုဏ်ယူစွာ ပြောကြားကြသည်။ “အရင်က မြစ်ကြီးနားနဲ့ ပူတာအို ကားနဲ့သွားရင် တစ်ပတ် ကြာတယ်။ အခုတော့ ကားနဲ့သွားဖို့ တစ်ရက် ခရီးပဲကြာတော့တယ်။ ‘ဒါကြောင့် ဘာလိုအပ် သလဲ။ အားလုံးကို တစ်ရက်ခရီးနဲ့ ဆောင်ကြဉ်း နိုင်တယ်။ လေကြောင်းလိုင်းတွေလည်း အရင်ကထက် ပိုပြီးပြေးဆွဲပေးတယ်။ “ဒါကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းလာတာ အခြားကဏ္ဍတွေကိုလည်း ဖြည့်ဆည်းပေးရာ ရောက်တယ်”ဟု ဒေသခံ နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်သူ ဦးချန်းဖုန်ရယ်က ပြောကြားသည်။
ပူတာအိုခရိုင်အတွင်း ပူတာအိုမြို့နယ်၊ မချမ်းဘောမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ နောင်မွန်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပန်နန်းဒင်မြို့တို့ပါဝင်ပြီး စုစုပေါင်းဧရိယာ ၁၀၆၁၀ ဒသမ ၇၁ စတုရန်းမိုင် ကျယ်ဝန်းကြောင်း ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရ သည်။ တရုတ်နိုင်ငံ၊ ဆော့လော်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပြီး အနောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၁၄၂၉ ပေတွင် တည်ရှိသည့် ပူတာအိုခရိုင်အတွင်း မြန်မာနိုင်ငံတွင် အမြင့်ဆုံးတောင်ဖြစ်သည့် ခါကာဘိုရာဇီတောင်သည် ပင်လယ် ရေမျက်နှာပြင် အထက်ပေပေါင်း ၁၉၂၉၆ ပေခန့် ရှိကြောင်း သိရှိရသည်။
ပူတာအိုဒေသသည် ဇီဝမျိုးစုံ၊ မျိုးကွဲများနှင့် ၎င်းတို့ရှင်သန်နေထိုင်ရာ ဂေဟစနစ်များကြောင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများအတွက် အလားအလာများစွာရှိသည့် ဒေသတစ်ခုဖြစ်လာနေကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ ထံက သိရှိရသည်။ “ခေတ်အစားဆုံးကတော့ ရေခဲတောင်တက်ခရီးစဉ်ပေါ့။ အ္တရာယ် အကင်းဆုံးဖြစ်မယ့် ပေါ့ပေါ့ပါးပါးတက်ရောက် နိုင်တဲ့နေရာတွေအထိ တက်ရောက်ဖို့စီစဉ်တဲ့ ခရီးစဉ်မျိုးတွေ ဖြစ်ပါတယ်။ ရေခဲတောင်တွေ အပြင် သဘာဝအလှအပတွေကိုခံစားဖို့၊ သားငှက်တိရ ္ဆာန်တွေ ကြည့်ရှုဖို့၊ ရိုးရာဓလေ့ သဘာဝတွေခံစားဖို့၊ ခြေလျင်တောင်တက်တာ၊ စက်ဘီးတောလမ်းစီးတာနဲ့ ဖောင်စီးတာ၊ တောတွင်းစွန့်စားသွားလာတာ စတဲ့ သဘာဝ ခရီးသွားလုပ်ငန်းတွေနဲ့ ပြည်တွင်း ပြည်ပ ခရီးသည်တွေကို ဆွဲဆောင်နိုင်ပါတယ်” ဟု နြတ သြအငသည ခရီးသွားလုပ်ငန်းမှ ကိုမိုးက ပြောကြားသည်။
တောင်တက်ခြင်းနှင့် တောတွင်း လမ်းပြခြင်းများအတွက် သယ်ယူပို့ဆောင်ပေးသည့် ဒေသခံတစ်ဦးလျှင် တစ်ရက် ငွေကျပ် ၁၀ဝဝဝ မှ ၃၀ဝဝဝ အထိရရှိပြီး ကျွမ်းကျင်ပြီး လုံခြုံစိတ်ချမှုပေးစွမ်းနိုင်သည့် လမ်းပြတစ်ဦးလျှင် တစ်ရက်ငှားရမ်းခ ငွေကျပ် ၃၀ဝဝဝ မှ သိန်းဂဏန်းအထိ ခရီးစဉ်ပေါ်မူတည်ကာ ကွာခြားကြောင်း ဒေသခံ လမ်းပြများထံက သိရှိရသည်။ လမ်းပြလုပ်ငန်းအပြင် ဒေသအစားအသောက်များ ရောင်းချခြင်း၊ တည်းခိုရန် ပြင်ဆင်နေရာပေးခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်း၊ ဒေသထွက်ကုန်များ ရောင်းချခြင်းတို့ဖြင့် ခရီးသွားလုပ်ငန်းမှ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေးအပ်နိုင်မည်ဖြစ်သည်။
သို့သော် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများ၊ လူ့စွမ်းအားအရင်း အမြစ်များ၊ နည်းပညာများနှင့် ဒေသဆိုင်ရာ လုံခြုံရေး အစီအမံများစသည့် ပြင်ဆင်လုပ်ဆောင်သင့်သည့် အရာများလည်း များစွာရှိနေကြောင်း၊ ယင်းတို့ကိုအစိုးရ၊ ဌာနဆိုင်ရာ အသီးသီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် ဒေသခံများအားလုံး ဝိုင်းဝန်းအဖြေရှာကာ ဝိုင်းဝန်းရေးဆွဲသင့်ကြောင်း ပူတာအိုခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ အကြံပြုထားသည်။
လေကြောင်းနှင့်မော်တော်ကားလမ်းများ
“လမ်းပန်းဆက်သွယ်ရေးမှာ အဓိက အားထားရတာကတော့ လေကြောင်းလိုင်းပေါ့။ မြစ်ကြီးနားမြို့ကနေ ပူတာအိုမြို့အထိ လေကြောင်းလမ်းဆိုရင် မိနစ်လေးဆယ်ခန့် စီးနင်းရပါတယ်။ ဈေးနှုန်းကတော့ ငွေကျပ် ၆၀ဝဝဝ ကျော် ကျသင့်ပါတယ်။ အခု နောက်ပိုင်း မှာ မော်တော်ကားလမ်းက တော်တော်လေး အဆင်ပြေလာပြီး လေကြောင်းခရီးထက် ငွေကြေးထက်ဝက်ခန့် ကုန်ကျမှုသက်သာပါတယ်။ သူကတော့ ၁၂ နာရီနီးပါး စီးနင်းရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဝန်းကျင်ကဆိုရင် မြစ်ကြီးနားကို ရောက်ရှိဖို့အတွက် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။ အခုတော့ နေ့ချင်းပြီးသွားလာနိုင်ပါပြီ”ဟု ပူတာအိုမြို့မှ ဒေါ်အမ် ဆိုင်းလက ပြောကြားသည်။
၂၀၁၅ ခုနှစ်အထိ မြစ်ကြီးနားမြို့သို့ ရောက်ရှိရန် မော်တော်ကားလမ်းဖြင့် သွားလာပါက ရက်ပေါင်း ၂၀ မှ ၂၅ ရက်အထိ သွားလာခဲ့ရသည့် အဆိုပါလမ်းခရီးကို ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှစတင်ကာ ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေ၊ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေများဖြင့် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း ၂၁၈ မိုင်အား အဆင့်မြှင့်တင်ခြင်းနှင့် ကွန်ကရစ်လမ်းများဆောင်ရွက်ခြင်း၊ လမ်းတာချဲ့ခြင်း၊ တံတားအသစ်များ ဆောက်လုပ်ခြင်းများကြောင့် သွားလာရန် အလွန်ခက်ခဲသော ကမ္ဘာကျော် ဗွက်တန်းနှင့် အခြားဆိုးရွားသော လမ်းပိုင်းနေရာများ မရှိတော့ဘဲ နေ့ချင်း ရောက်ရှိပြီဖြစ်သည်။ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း (၂၁၈) မိုင်အား ၂၀၂၀ ခုနှစ်တွင် ရာသီမရွေး သွားလာနိုင်သော ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် လျာထားဆောင်ရွက်လျက် ရှိသဖြင့် ယခုထက်ပို၍ အချိန်ကုန်သက်သာစွာ သွားလာနိုင်မည်ဖြစ်ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
ဆက်လက်ဖော်ပြပါမည်။