ပေါက်  နိုဝင်ဘာ  ၃၀

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ကျောချောင်းတစ်ဖက်ကမ်းရှိ ဒေသခံပြည်သူများနှင့် မော်တော်ဆိုင်ကယ် များ ကျောချောင်းကို ဖြတ်ကူးသွားလာရာတွင် အလွယ်တကူ ဖြတ်သန်းသွားလာ နိုင်ရေးအတွက် အရှည်ပေ ၃၅ဝ ခန့်နှင့် အကျယ် ၄ ပေရှိ ကျောချောင်းကူး ယာယီ ဝါးတံတားကို မြောက်ဘက်ကျေးရွာ စေတနာမွန် ပရဟိတ လူငယ်များဦးဆောင်၍ နိုဝင်ဘာ လဆန်းပိုင်းတွင် ဆောက်လုပ်ပြီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဝါးတံတား တည်ဆောက်ပြီးသဖြင့် ပေါက်မြို့နယ်အတွင်း ကျောချောင်း တဖက်ကမ်းရှိမြောက်ဘက်၊ ရွှေဘုံသာ၊ စပါးမျှော၊ ​​​​ကျောက်တန်း၊ သီးချောက်၊ ညောင်ဝန်းပေါက်၊ မြို့ခင်းသာ၊ ရှခွကြီး၊ ရှခွလေး၊ ရေတိမ်၊ ပိတ်တော၊ ကံသာကုန်းနှင့် ကျွန်းတော အစရှိသည့် ကျေးရွာများမှ ပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ခရီးသွား ပြည်သူများအနေဖြင့် ပေါက်မြို့ပေါ်သို့ ဆိုင်ကယ်များဖြင့် အချိန်မရွေး လွယ်ကူစွာဖြတ်သန်း သွားလာနိုင်ကြောင်း သိရသည်။

 

အဆိုပါ ဝါးတံတား ဖြတ်သန်းသွားလာခ အနေဖြင့် ဆိုင်ကယ်တစ်စီးလျှင် အသွားအပြန် ငွေကျပ် ၅၀၀နှုန်းဖြင့် လူငယ်အဖွဲ့ရန်ပုံငွေအဖြစ် ကောက်ခံလျက်ရှိပြီး အဆိုပါ ကောက်ခံရရှိသော ရန်ပုံငွေများကို မြောက်ဘက်ကျေးရွာ စေတနာမွန် ပရဟိတ လူငယ်များဖွံ့ဖြိုးရေးအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း လူငယ်အဖွဲ့ ခေါင်းဆောင် ဦးထွန်းသိန်းထံမှ သိရသည်။

 

ဉာဏ်တိုး(ပြန်/ဆက်)