ရန်ကုန်  ၂၈  စက်တင်ဘာ 

 

Myanmar Media 7 က ထုတ်လုပ်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးထားသည့်  “မှော်ကျောက်စာ” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၇ ရက် ည ၇ နာရီခွဲ က ရန်ကုန်မြို့ ၊ Junction City ရှိ  JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး အောက်တိုဘာ ၅ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဇာတ်ကားတွင် မြင့်မြတ်၊ ထွန်းထွန်း၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ မေမြင့်မိုရ်၊ ထူးခြား၊ မေသန်းနုနှင့် အခြားသော အနုပညာရှင်များပါဝင်ပြီး မှော်ပညာတတ်မြောက်ထားသည့် မိန်းမပျို တစ်ဦးအနေဖြင့် မိမိ၏ ချစ်သူကို ဘဝအဆက်ဆက် လိုက်လံရှာဖွေသည့် ခေတ်နှစ်ခေတ်ကို ချိတ်ဆက်ရိုက်ကူးထားသော စိတ်ဝင်စားဖွယ်ရာ အချစ်ဇာတ်ကားဖြစ်သည်။

 

သရုပ်ဆောင် ဖြိုးငွေစိုး က ``မှော်ဆရာတစ်ယောက်အနေနဲ့ ပါဝင်ထားတာပါ။  ဝတ်စုံနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးရှာလိုက်ရတယ်။ ဒီကားထဲက ဝတ်စုံကတော့ ဒါရိုက်တာနဲ့တိုင်ပင် ပြီးတော့ ကိုယ့်စိတ်ကြိုက် ပုံစံလုပ်လိုက်တာပါ။ မှော်ဆရာက ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတယ်။ အဲဒီကောင်မလေးနဲ့ ပတ်သက်တာတွေအားလုံးကိုရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးပါဝင် ထားတာပါ။ တစ်ခါမှ မလုပ်ဖူးတဲ့ပုံစံဆိုတော့ ပရိတ်သတ်လည်းကြည့်ရတာ အသစ်အဆန်း ဖြစ်မှာပါ´´ ဟုပြောသည်။

 

သရုပ်ဆောင် မြင့်မြတ် က ``နှစ်ပေါင်းများစွာခွဲကွာခဲ့ရတဲ့ ချစ်သူကို ဒီဘက် ဘဝအထိ လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းမျိုးပါ။ အဝတ်အစားပိုင်းအနေနဲ့ကတော့ ဒီဘက်ခေတ်အတွက်က ပြဿနာမရှိဘူး။ နန်းတွင်းခေတ်အတွက်ကတော့ ချပ်ဝတ်တန်ဆာတွေပါတော့ အခက်အခဲတချို့ရှိတယ်။  အဓိကကတော့ ဒီဇာတ်ကားဟာ အချစ် ဇာတ်ကားပါ။  နှစ်တွေဘယ်လောက်ပဲကြာသွားပါစေ တကယ့်ခိုင်မာတဲ့ အချစ်စစ်တစ်ခုဟာ သစ္စာရှိတယ်ဆိုတာကိုပြထားတာပါ။  အားလုံးကြိုးစားထားပါ တယ်" ဟု ပြောသည်။

 

 

သရုပ်ဆောင် မေမြင့်မိုရ် က "ပထမဆုံးရိုက်တဲ့ရုပ်ရှင်ကားကြီးပါ။ ဒီကားကြီးမှာ Location တွေလည်းများတယ်။ နန်းဝတ်နန်းစားတွေနဲ့ရိုက်ထားတဲ့ ကားဆိုတော့ ပရိတ်သတ်တွေအနေနဲ့ ထူးထူးခြားခြားလေးဖြစ်မယ်လို့ ထင်ပါတယ်။ ဒီကားလေးထဲက ဇာတ်ရုပ်ကတော့ တစ်ဖက်နိုင်ငံကနေ စစ်ရှုံးပြီးတော့ ဒီဘက်တိုင်းပြည်ကို မိဖုရားအဖြစ် ဆက်သခံရတဲ့ မင်းသမီးတစ်ပါးပါ။ အဲဒီတိုင်းပြည်မှာ ရှိတဲ့ ဘုရင့်ရဲ့မှော်ဆရာနဲ့ချစ်ကြိုက်ပြီးတော့ ပြဿနာတွေတက်ကြတဲ့ ပုံစံမျိုးလေးပါ။ အချစ်ကိုဦးစားပေးတဲ့ မိန်ကလေးတစ်ယောက်ပုံစံမျိုးပါ။ ရိုက်နေကြကားတွေနဲ့ မတူတဲ့အပြင် ညီမအတွက် ပထမဆုံးရုပ်ရှင်ကားဖြစ်လို့ အခက်အခဲတွေလည်း အများကြီးကြုံတွေ့ခဲ့ရပါတယ်" ဟု ဆိုသည်။

 

ယင်းဇာတ်ကားတွင် ဇာတ်လမ်းနှင့် လိုက်ဖက်မည့်  သရုပ်ဆောင်များကို အဓိကထား၍ ရွေးချယ်ထားခြင်းဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ်ခန့်က ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ကြောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ အင်းဝ၊ ချောင်းသာ၊ ပြင်ဦးလွင်၊  ဖိုးကျားဆင်စခန်း တို့တွင် အဓိက ရိုက်ကူးခဲ့ပြီး Myanmar Media 7 ကုမ္ပဏီ၏ ပထမဆုံးထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သဖြင့် အခက်အခဲများကြားမှ အကောင်းဆုံးရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း စီစဉ်သူ ဝေမင်းမောင် က ဆိုသည်။

 

 

သရုပ်ဆောင် ထွန်းထွန်း က "ဒီကားထဲက ဇာတ်ရုပ်ကတော့ စစ်သူကြီးတစ်ယောက်ပါ။ ဘုရင်အပေါ်မှာ သစ္စာရှိတယ်။ ဘုရင်အတွက် အမှန်အမှားကို ဘေးနားကနေဝေဖန်ထောက်ပြတယ်။ တိုင်းပြည်နဲ့ ပတ်သက်လာရင် လုံးဝအထိမခံဘူး။ ဘုရင့်ရဲ့ညီတော်လည်းမရဘူး။ အမိန့်အတိုင်း လုပ်မယ်ဆိုတဲ့ပုံစံမျိုးလေး ပါဝင်ထားတာပါ။ ဒီကားလေးဟာ Reality အရမ်းဖြစ်တဲ့ရုပ်ရှင်တွေထဲမှာ တော့ မပါပါဘူး။ စိတ်ကူးယဉ် ဇာတ်လမ်းမျိုးလို့ပြောလို့ရပါတယ်။ အဲဒီကားမှာစပြီး မြင်းစီးရတယ်။ အဲဒီတုန်းက အဆင်မပြေဘူး။ ကြောက်ကြောက်လန့်လန့်နဲ့ရိုက်ရတဲ့ ကတ် တွေလည်းရှိတယ်။ ပထမဆုံးရိုက်တဲ့ အခန်းဆိုရင် ဖိုးကျားဆင်စခန်းမှာ ရိုက်ထားတာပါ။ အမှတ်တရတွေအများကြီးပါ။ ဒီကားလေးက သာမန်ချစ်ကြိုက်၊ ကွဲ ညား ဇာတ်လမ်းမျိုးထဲကနေ ကွဲထွက်နေတဲ့ စိတ်ကူးယဉ် ဆန်ဆန်၊ ဒဏ္ဍာရီဆန်ဆန် ပုံစံလေးဖြစ်လို့ လာရောက်ကြည့်ရှုကြတဲ့ ပရိသတ်တွေအနေနဲ့ အမြင်တစ်ခု ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟုပြောသည်။ 

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်