ဖားဆောင်း      ၁၈   နိုဝင်ဘာ  

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးကဏ္ဍတစ်ခုဖြစ်သည့် လမ်း/တံတား ဆက်သွယ်ရေး အထူးကောင်းမွန်စေရေးကို အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ  ကယားပြည်နယ် ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေ ကျပ် ၁၃၈ ဒဿမ ဝ၉၃ သန်းဖြင့် မော်ချီးဒေသ လိုခါးလိုကျေးရွာနှင့် ညောင်ပင်စခန်းသွားလမ်းပေါ်ရှိ (၂)လွှာ(၁)ထပ် အရှည်(၅၀)ပေရှိ ဘေလီတံတား (၁)စင်းနှင့် ချဉ်းကပ်လမ်း တည်ဆောက်ခြင်းအတွက် (မြေဖြတ်ထုတ်ခြင်း၊ ကျောက်တောင်မိုင်းခွဲခြင်း) လုပ်ငန်းများအား စတင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 

၎င်းတံတားသည် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဘေးကြောင့် တောင်ကျရေ တိုက်စားမှုဖြင့် ပျက်စီးခဲ့ပြီး ကယားပြည်နယ် အစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေဖြင့် ကုန်စည်စီးဆင်းမှုနှင့် ဆက်သွယ်သွားလာရေး ပြတ်တောက်မှု မရှိစေရန် အရှည်ပေ(၅၀) ယာယီဘေလီတံတား (၁)စင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးရွာ(၄)ရွာ၊ အိမ်ခြေ (၃၉၃)အိမ်နှင့် လူဦးရေ (၃၄၀၁)ဦး အတွက် အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

ကိုစိုင်း (လွိုင်ကော်)