သတင်းဆောင်းပါး - တင်ထက်ထက်ဇော်
မျောက်ကျောက်ရောဂါ (Monkeypox) ဆိုသည်မှာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ၁၉၅၈ ခုနှစ်က ကျောက်ရောဂါနှင့်ဆင်တူသည့် ရောဂါတစ်ခုအဖြစ် မျောက်များတွင် စတင်တွေ့ရှိခဲ့ ပါသည်။ လူသားတွင် ပထမဆုံးဖြစ်ပွားမှုကို ၁၉၇၀ ပြည့်နှစ်မှာ အာဖရိကအလယ်ပိုင်း ကွန်ဂိုနိုင်ငံ၌ စတင်တွေ့ရှိခဲ့သည်။ ထို့နောက် အာဖရိကနိုင်ငံများ တွင် အဆိုပါ ရောဂါ ဖြစ်ပွားမှုကို ကြိုးကြားကြိုးကြား တွေ့ရှိခဲ့ကြသည်။ ယခုနှစ်အတွင်း အာဖရိက အလယ်ပိုင်း၊ အာဖရိကအနောက်ပိုင်းတို့တွင် သာမက ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ကူးစက်ပျံ့နှံ့လာပြီဖြစ်သည်။
မူရင်းတွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါ သည် ရောဂါပိုးရှိသော လူ သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် အနီးကပ် ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်းဖြင့် ကူးစက်နိုင်ပါသည်။ ထိုကာလများ၌ လူအချင်းချင်း ကူးစက်မှုကို အနည်းငယ်သာ တွေ့ရှိရပါသည်။ သို့သော် ၂၀၂၂ ခုနှစ် မေလအတွင်း ကပ်ရောဂါအသွင် ပျံ့နှံ့လာသည့် မျောက်ကျောက်ရောဂါမှာ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်နိုင် ကြောင်းနှင့် မျောက်ကျောက်ရောဂါ၏ မျိုးဗီဇ အပြောင်းအလဲသည် မျှော်လင့်ထားသည်ထက် ၁၂ ဆ ပိုမြန်ဆန်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ မွေးကင်းစကလေးငယ်များ၊ ကလေးသူငယ်များနှင့် မူလ ကိုယ်ခံအားချို့ယွင်းသူ များတွင် အဆိုပါရောဂါပိုး ကူးစက်ခံရပါက ပိုမိုပြင်းထန်သော လက္ခဏာများ ဖြစ်နိုင်ခြေရှိပြီး အချို့ရောဂါပြင်းထန်သူများတွင် မျောက်ကျောက် ရောဂါဖြင့် သေဆုံးနိုင်ကြောင်း သိရသည်။
ဥရောပသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ရောဂါကူးစက်မှု၏ ဗဟိုချက်အဖြစ်ရှိနေပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အတည်ပြုထားသော ကူးစက်ခံရသူ၏ ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုရောဂါကူးစက်ခံရသူ အများဆုံး ဖြစ်နေသော သုံးနိုင်ငံမှာ ဗြိတိန်၊ စပိန်နှင့် ပေါ်တူဂီ တို့ဖြစ်ကြသည်။ မျောက်ကျောက်ရောဂါသည် ဗြိတိန်နိုင်ငံ၌ လူငယ်လူရွယ်အများစုအကြားတွင် ကူးစက်နေကြောင်း လန်ဒန်မြို့တော်မှ ကူးစက် ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူများက ဆိုပါသည်။
တိရစ္ဆာန်များကြောင့် ကူးစက်ရောဂါဖြစ်ပွားမှု
အာဖရိက၌ မြင့်တက်လာ
အာဖရိက၌ ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ ကူးပြောင်း လာသော ကူးစက်ရောဂါများဖြစ်ပွားမှု ကြိမ်ရေ သည် ပြီးခဲ့သော ဆယ်စုနှစ်ကထက် ၆၃ ရာခိုင်နှုန်း ပိုမြင့်မားလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၁၄ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ အာဖရိကတိုက်၌ တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ ကူးပြောင်း လာသော ကူးစက်ရောဂါများ ဖြစ်ပွားမှုကြိမ်ရေ မြင့်တက်လာမှုသည် အနာဂတ်ကာလ၌ ကမ္ဘာကြီး အနေဖြင့် မျောက်ကျောက်ဗိုင်းရပ်စ်ရောဂါ၊ အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကဲ့သို့ ဗိုင်းရပ်စ်ကူးစက်ရောဂါများနှင့် ရင်ဆိုင် ရနိုင်ခြေမြင့်တက်လာမှု၏ ရှေ့ပြေးနိမိတ်ဖြစ် ကြောင်း WHO မှ ကျွမ်းကျင်သူများက သတိပေး ထားသည်။ ကူးစက်ရောဂါကြီးများအဖြစ် မပြောင်း လဲမီ တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံသို့ ကူးစက်နိုင်သော ဗိုင်းရပ်စ်ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်ရန်၊ ကူးစက်ရောဂါများ၏ ဗဟိုချက် အာဖရိကဖြစ်လာမည့်အရေးကို တားဆီးရန် လိုအပ် နေပြီဖြစ်ကြောင်း WHO က သုံးသပ်ထားပါသည်။
WHO ထုတ်ပြန်ချက်
မျောက်ကျောက်ရောဂါကူးစက်မှုသည် ယခုနှစ် ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းအကြားတွင် ၇၇ ရာခိုင်နှုန်း မြင့်တက်လာပါသည်။ ဇူလိုင်လ စတုတ္ထပတ်အထိ နိုင်ငံနှင့် ဒေသပေါင်း ၇၅ ခုတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၆၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ငါးဦး တွေ့ရသည်။ ထို့ကြောင့် ကမ္ဘာတစ်လွှားဖြစ်ပွားနေသော အခြေအနေကို ကြည့်ပြီး “မျောက်ကျောက်ရောဂါဟာ ယခင်က ဖြစ်ပွားလေ့မရှိသော နိုင်ငံ (Non-endimic Countries) တွေမှာပါ ရောဂါပျံ့နှံ့လာပါတယ်၊ မျောက်ကျောက်ကူးစက်ရောဂါ ပြင်းထန်မှုအတိုင်း အဆနဲ့ပတ်သက်ပြီး WHO ကျွမ်းကျင်သူများ အရေးပေါ်ကော်မတီအနေဖြင့် ဘုံသဘောတူညီချက် မရယူနိုင်ခဲ့သော်လည်း ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရ အရေးပေါ်အခြေအနေ ဖြစ်တယ် လို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်”ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros A Ghebreyesus က ဇူလိုင်လ ၂၃ ရက် (စနေနေ့)တွင် သတင်းမီဒီယာများကို ပြောကြားသည်။ ဆက်လက်၍ ၎င်းက ယခုလို နိုင်ငံတကာအတွက် စိုးရိမ်ရသော အများပြည်သူအရေးပေါ် ကျန်းမာရေးအခြေအနေ ကို နိုင်ငံအားလုံးက ပူးပေါင်းဆောင်ရွက်ပြီး ဝိုင်းဝန်း တုံ့ပြန် ဆောင်ရွက်ကြရန်အတွက် သတိပေးလိုက် ခြင်းဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ကုသမှုများ၊ ကာကွယ်ဆေး ဝေမျှပေးကြစေလို ကြောင်းနှင့် ရန်ပုံငွေကိုလည်း ထည့်ဝင်ပေးကြစေ လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ ရေကျောက်ရောဂါနှင့် ခပ်ဆင်ဆင်တူသည်။ အပြင်ပန်းအားဖြင့် ကြည့်လျှင် ရေကျောက်နှင့် မျောက်ကျောက်ရောဂါတို့သည် အရည်ကြည်ဖုပေါက်ခြင်းက တူသယောင်ထင်ရ သော်လည်း ရေကျောက်ဖုများသည် ပေါက်သည်က ပေါက်၊ ပျောက်သည်က ပျောက်၊ ညှိုးသည်က ညှိုး အမျိုးမျိုးရှိကြသည်။ သို့သော် မျောက်ကျောက် အရည်ကြည်ဖုများက မိတ္တူကူးထားသကဲ့သို့ တစ်လုံးနှင့်တစ်လုံး ဘယ်အချိန်ကြည့်ကြည့် အရွယ်တူ၊ ပုံစံတူများသာဖြစ်သည်။ ထို့ပြင် ဖျားခြင်း၊ ကိုက်ခဲခြင်းတို့ကို ရေကျောက်နှင့် မျောက်ကျောက်တို့တွင် ဖြစ်ပေါ်ခံစားနိုင်သော် လည်း မျောက်ကျောက်ရောဂါ၏ ထူးခြားချက်က ပေါင်ခြံ၊ ချိုင်း၊ လည်ပင်း စသည့်နေရာများတွင် အကျိတ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
Monkeypox ရောဂါလက္ခဏာများအနေဖြင့် ဖျားနာခြင်း ၆၂ ရာခိုင်နှုန်း၊ ပြန်ရည်ကျိတ်ရောင်ရမ်း ခြင်း ၅၂ ရာခိုင်နှုန်း၊ ပင်ပန်းနွမ်းနယ်ခြင်း ၄၂ ရာခိုင်နှုန်း၊ ကြွက်သားများနာကျင်ခြင်း ၃၁ ရာခိုင် နှုန်း၊ ခေါင်းကိုက်ခြင်း ၂၇ ရာခိုင်နှုန်း၊ လည်ချောင်း နာခြင်း ၂၁ ရာခိုင်နှုန်း ဖြစ်ပေါ်ခံစားရတတ်ကြောင်း သိရပါသည်။ စအိုနှင့် စအိုဝရောင်ရမ်းမှုကိုလည်း ပျမ်းမျှလူနာ ၇၅ ဦးလျှင် ၁၄ ဦးခန့် တွေ့ရကြောင်း လေ့လာသိရှိရပါသည်။ ရောဂါပျိုးရက်သည် ရောဂါပိုး စတင်ဝင်ရောက်ပြီး ပျမ်းမျှ ငါးရက်မှ ၂၁ ရက်အတွင်း အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။
အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသ များမှ လွန်ခဲ့သည့် ၂၁ ရက်အတွင်း ပြန်လည် ဝင်ရောက်လာသူများတွင် တွေ့ရသော ရောဂါ လက္ခဏာများမှာ (က) လတ်တလော ဖျားနာခြင်း (ခ) ချမ်းတုန်ခြင်း၊ (ဂ) အကျိတ်ထွက်ခြင်း၊ အကျိတ် များ ရောင်ရမ်းခြင်း၊ ပြန်ရည်ကျိတ်များကြီးခြင်း၊ (ဃ) ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ကျောအောင့်ခြင်း၊ (င) ခါးကိုက်ခြင်း၊ ခါးနာခြင်း၊ (စ) မောပန်းနွမ်းနယ်ခြင်း၊ နုံးခြင်းတို့ဖြစ်ကြသည်။
ဖျားပြီးနောက် ၁ - ၅ ရက်ခန့်အကြာတွင် ခန္ဓာကိုယ်၌ အနီစက် သို့မဟုတ် အနီပြင်များ ဖြစ်ပေါ်ခြင်း၊ အရည်ဖုများ၊ ပြည်ဖုများ စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပေါ်ပြီးနောက် အနာများဖြစ်ပေါ်ကာ နောက်ဆုံးတွင် အနာများပျောက်ကင်းသွားပြီး အနာရွတ်အနေဖြင့် ကျန်ခဲ့နိုင်ပါသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC)၏ အဆိုအရ လူအများစုသည် Monkeypox ကူးစက်ခံရပြီးနောက် ရက်သတ္တ နှစ်ပတ်မှ လေးပတ် အတွင်း ပြန်လည်ကောင်းမွန်လာကြောင်း သိရ သည်။ ထို့ပြင် မျောက်ကျောက်ကူးစက်ရောဂါ လက္ခဏာများကို လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါ (STDs) များ၏ ရောဂါလက္ခဏာများနှင့် မှားယွင်းတတ်ရာ Monkeypox ရောဂါကို စစ်ဆေး ဖော်ထုတ်ရန် တစ်ခါတစ်ရံ အလွန်ခက်ခဲကြောင်း CDC က ဆိုပါသည်။ ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာ မပြင်းထန်တတ်သော်လည်း ကိုယ်ခံအားနည်းသူများတွင် ရောဂါပြင်းပြင်းထန်ထန် ခံစားရနိုင်ပါသည်။ လတ်တလော ဖြစ်ပွားနေသော နိုင်ငံတချို့ကို လေ့လာကြည့်ရာ၌ ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ၃-၆ ရာခိုင်နှုန်းခန့်ရှိကြောင်း တွေ့ရပါသည်။
ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ
မျောက်ကျောက်ရောဂါသည် ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်၏ သဘာဝအတိုင်း ကူးစက်မှုမြန်ဆန်ပါသည်။ (က) Monkeypox ဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံထားရသည့် တောရိုင်း တိရစ္ဆာန်များ သို့မဟုတ် လူအချင်းချင်း ခန္ဓာကိုယ် အရေပြားချင်း ထိတွေ့မှု၊ (ခ) ခန္ဓာကိုယ်မှ ထွက်ရှိ သော အရည် (တံတွေး၊ နှာရည်၊ သွေး၊ ချွေး၊ ဆီးနှင့် လိင်အင်္ဂါမှ ထွက်သောအရည်)၊ (ဂ) လူ၏အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှ ကူးစက်ခြင်း၊ (ဃ) ရောဂါပိုးရှိသူနှင့် မျက်နှာချင်း ဆိုင် အချိန်အတော်ကြာ ထိတွေ့မိခြင်းနှင့် (င) ရောဂါပိုးများကပ်တင်ကျန်နေသည့် အသုံး အဆောင် ပစ္စည်းများကို လက်ဖြင့် ကိုင်တွယ်မိရာ မှတစ်ဆင့် ကူးစက်ခြင်းတို့ဖြစ်ပါသည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါ ဖြစ်သည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုက အထူး အရေးကြီးပါသည်။ ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ နေထိုင်တတ်သူများအတွက် မျောက်ကျောက်ရောဂါကို ကာကွယ်ရန် မခဲယဉ်း လှပေ။
(က) Monkeypox (မျောက်ကျောက်ရောဂါ) လက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ ခြင်းကို ရှောင်ကြဉ်ပါ။ (ခ) လက်ကို ဆပ်ပြာနှင့် ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်သော ရေမလို လက်သန့်စင်ဆေးရည် အသုံးပြု၍ စနစ်တကျဆေးကြောပါ။ (ဂ) ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်ပါ။ (ဃ) တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေပါ။ (င) နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ပါ။ (စ) အသား စိမ်းများကို ကျက်အောင်ချက်စားပါ။ (ဆ) တောရိုင်း တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ ပါနှင့်။ (ဇ) လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း နှင့် မျက်လုံးများကို ကိုင်တွယ်ခြင်း မပြုပါနှင့်။ (ဈ) အများသုံးသန့်စင်ခန်း၊ တံခါးလက်ကိုင်၊ လှေကားအတက်အဆင်း လက်ရန်းများ၊ ဘတ်စ် ကားထိုင်ခုံ စသည့်ထိတွေ့မှုများကို အထူးဂရုစိုက် သင့်ပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုး သန့်စင်ပါ။ (ည) တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်းမွန်စေရန် ဆောင်ရွက်ပါ။
မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ နိုင်ငံ အများစု၌ ကျန်းမာရေးဝန်ထမ်းများအား ရောဂါ ပိုးရှိသူနှင့် မထိတွေ့ခင် သို့မဟုတ် ထိတွေ့ပြီးနောက် ကျောက်ကြီးရောဂါကာကွယ်ဆေး (Small Pox) ကို ထိုးနှံထားကြရန် အကြံပြုတိုက်တွန်းထားပါ သည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စု အပါအဝင် တိုးတက်ဖွံ့ဖြိုးပြီးသော အနောက်နိုင်ငံတချို့၌ ကာကွယ်ဆေးကို အများပြည်သူတို့တွင်လည်း ထိုးနှံနေကြကြောင်း လေ့လာသိရပါသည်။
နိဂုံးချုပ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရ အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာထားသော မျောက်ကျောက်ရောဂါကို ယခုအခါ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြ သော ထိုင်း၊ အိန္ဒိယ၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့တွင် လည်း ကူးစက်နေကြပြီ ဖြစ်သည်။ ထူးခြားချက်အနေ ဖြင့် အနီးကပ်ဆုံး ထိုင်းနိုင်ငံတွင် မျောက်ကျောက် ရောဂါ ကူးစက်မှုကို ခရီးသွား နိုင်ဂျီးရီးယားနိုင်ငံသား တစ်ယောက်တွင် တွေ့ရကာ ယခုအခါ ထိုဧည့်သည် သည် ဆေးကုမခံဘဲ ပျောက်နေကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၂ ရက် နေ့က သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ အတွင်း Monkeypox ဖြစ်ပေါ်မှု မတွေ့ရသေးသော် လည်း ပြည်တော်ပြန်များအနေဖြင့်သော်လည်းကောင်း၊ အကယ်၍ မြန်မာပြည်အတွင်း ယင်းရောဂါ ပေါ်ပေါက်လာသော အချိန်တွင်လည်းကောင်း မျောက်ကျောက်ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ ခဲ့ခြင်း သို့မဟုတ် ရောဂါသံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပေးပို့၍ ကုသမှုခံယူကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။