၇ မေ

မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုများအပေါ် လက်တုံ့ပြန်မှုများနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ယမန်နေ့က ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် စနေနေ့က ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့သောကြောင့် မြောက်ကိုရီးယားအရေး နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးခဲ့ကြကြောင်း ရှင်ဇိုအာဘေး က သတင်းထောက်များကို ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံက မည်သည့်ဒုံးကျည် ပစ်လွှတ် ခဲ့သည်ဆိုသည်ကို ဆုံးဖြတ်ရန် ဂျပန်နှင့်အမေရိကန် ကျွမ်းကျင်သူတို့က အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဘေးကဆိုသည်။

 

mdn

 

အမေရိကန်သမ္မတ ထရန့်နှင့်  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့သည် ယမန်နှစ်က ကျင်းပခဲ့သော ၎င်းတို့၏ ထိပ်သီးဆွေးနွေးပွဲတွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရန် သဘောတူညီခဲ့ကြကြောင်း အာဘေးက ပြောကြားခဲ့သည်။ ၄င်းနှင့် ထရန့်သည် နျူကလီးယား ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး အမေရိကန်-မြောက်ကိုရီးယား သဘောတူညီချက်ကို အလျင်အမြန် အကောင်အထည်ဖော်မည်ဟု ယုံကြည်ကြောင်းလည်း အာဘေးက ဆိုသည်။

ထရန့် က အာဘေးနှင့်ဆွေးနွေးရသည်မှာ အလွန်ကောင်းမွန်ကြောင်း၊ မြောက်ကိုရီးယားအရေးနှင့် ကုန်သွယ်ရေးကိစ္စတို့ ဆွေးနွေးခဲ့ကြောင်း ၎င်း၏တွစ်တာတွင် ရေးသားခဲ့သည်။

အာဘေးက မြောက်ကိုရီးယားနိုင်ငံက အဓမ္မခေါ်ဆောင်သွားသော ဂျပန်နိုင်ငံသားများ အရေးဖြေရှင်းမှု တစ်စိတ်တစ်ဒေသအနေဖြင့် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များမပါပဲ မြောက်ကိုရီးယားခေါင်းဆောင်နှင့် အစည်းအဝေးတစ်ခု ကျင်းပလိုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn