၂၇ ဩဂုတ်

 

 

ဖေဖော်ဝါရီလ မှစပြီး ဘဏ်များကို ပစ်မှတ်ထား တိုက်ခိုက်နေသော မြောက်ကိုရီးယား ဟက်ကာများကို သတိထားကြရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများကို အမေရိကန် အစိုးရက သတိပေးခဲ့သည်။

 

 

အမိမြေ လုံခြုံရေးဌာန၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရိုနှင့် အခြားဖက်ဒရယ် အေဂျင်စီများမှ ယမန်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

 

၂၀၁၆ ခုနှစ် အတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘဏ်တစ်ခုမှ ဒေါ်လာ ၁၈ သန်း ခိုးယူသွားသည့် ဟက်ကာအဖွဲ့ တစ်ဖွဲ့အား ရည်ညွန်းပြီး အဆိုပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

 

အဆိုပါ အဖွဲ့အစည်းသည် ၂၀၁၅ ခုနှစ်အတွင်း မှစပြီး နိုင်ငံပေါင်း ၃၀ ကျော်ရှိ ဘဏ်အဖွဲ့အစည်းများအား ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရသော အဖွဲ့ဖြစ်သည်။

 

 

တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍မူ အသေးစိတ် ဖော်ပြထားခြင်း မရှိသော်လည်း ဟက်ကာများမှ ခိုးယူထားသည့် ရန်ပုံငွေများဖြင့် ကုလသမဂ္ဂ၏ တားမြစ်ချက်များကို ချိုးဖောက်ပြီး နျူကလီးယား လက်နက်များနှင့် ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်ရန် အသုံးပြုနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

 

 

အဆိုပါ ဟက်ကာများ၏ နည်းလမ်းများကို အသေးစိတ် ရှင်းပြပြီး တန်ပြန် အစီအမံများ ပြုလုပ်ကြရန် အကြံပြုထားသည်။

 

 

အဆိုပါ ဟက်ကာအဖွဲ့ကို မြောက်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီဖြစ်သော ကင်းထောက် အထွေထွေဗျူရိုမှ  ညွှန်ကြားထားခြင်း ဖြစ်သည်။

 

 

ပြီးခဲ့သည့်နှစ်က ပိတ်ဆို့ အရေးယူမှုများအတွက် အဆိုပါ အဖွဲ့ကို ပစ်မှတ်ထားခဲ့ကြောင်း အမေရိကန် အစိုးရက ကြေငြာခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်