၂၄ စက်တင်ဘာ


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် စတုတ္ထအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို မကြာမီ ကျင်းပနိုင်မည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။


နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် သတင်းထောက်များကို ယမန်နေ့က မှတ်ချက်ပြုပြောကြားခဲ့သည်။


ရက်သတ္တပတ် အနည်းငယ်အတွင်း အမေရိကန် ပြည်ထောင်စုနှင့် နောက်ဆုံးရလဒ်ထွက်ရန် ဆွေးနွေးပွဲ ကျင်းပဖို့ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ကြေညာချက် တစ်ခုတွင် အမေရိကန်ရေးရာ တာဝန်ခံ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားခဲ့သည်။ လက်ရှိ ကျင်းပနေဆဲဖြစ်သော ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ပြင်ပတွင် ယင်းကဲ့သို့ ဆွေးနွေးပွဲ ကျင်းပမည်ဟု မျှော်လင့်ကြောင်း ကျွမ်းကျင်သူများက ထုတ်ဖော်ပြောကြားခဲ့သည်။


ယမန်နေ့က ဟိုတယ်တစ်ခု၌ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဖင် ဘီဂန် က ထင်မြင်ချက်ပေးရန် ငြင်းဆိုခဲ့သည်။


ဘီဂန်သည် သက်ဆိုင်ရာ နိုင်ငံများနှင့် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား အရေးကို ဆွေးနွေးရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို