၂၇ ဇူလိုင်
မြောက်ကိုရီးယား အာဏာပိုင်တွေက နယ်စပ်မြို့ဖြစ်တဲ့ ကေဆောင်းမြို့ကို အသွားအလာ ကန့်သတ်ပိတ်ဆို့မှု ပြုလုပ်လိုက်ပါတယ်။ ကေဆောင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း ပထမဦးဆုံး သံသယလူနာကို တွေ့ရှိခဲ့တဲ့အတွက် အခုလို တားမြစ်တာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန (KCNA) က တနင်္ဂနွေနေ့က ကြေညာသွားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က စနေနေ့မှာ အရေးပေါ် ပေါလစ်ဗြူရို အစည်းအဝေး ခေါ်ယူပြီး အရေးပေါ်အခြေအနေနဲ့ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် သတိပေးချက်ကို ထုတ်ပြန်ထားကြောင်း (KCNA) က ကြေညာသွားပါတယ်။
ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ တောင်ကိုရီးယားနိုင်ငံကို လွန်ခဲ့တဲ့ သုံးနှစ်က ထွက်ပြေးခဲ့တဲ့သူ ဖြစ်ကြောင်းနဲ့ မြောက်ကိုရီးယားကို တရားမဝင် နည်းလမ်းနဲ့ ပြန်လည်ရောက်ရှိလာသူ အဲဒီအမျိုးသားမှာ ဗိုင်းရပ်စ်ပိုး ပါရှိကြောင်း သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် တောင်ကိုရီးယားသို့ ထွက်ပြေးခိုလှုံခဲ့သူဟာ မြောက်ကိုရီးယားနိုင်ငံသို့ ရေကူးပြီး ပြန်လည်ရောက်ရှိလာကြောင်း၊ အဲဒီအမျိုးသားဟာ တောင်ကိုရီးယားနိုင်ငံမှာ မုဒိန်းမှု ကျူးလွန်တယ်လို့ သံသယရှိတဲ့အတွက် စုံစမ်းစစ်ဆေးနေစဉ်မှာ မြောက်ကိုရီးယားကို တရားမဝင်နည်းနဲ့ ပြန်သွားကြောင်း ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ဗိုင်းရပ်စ်ပိုးတွေ့ရှိသူကို တောင်ကိုရီးယားနယ်စပ်ရှိ ကေဆောင်းမြို့မှာ တွေ့ရှိကြောင်း၊ အခုအခြေအနေဟာ စိုးရိမ်ရတဲ့အခြေအနေပြီး ဒီအခြေအနေကနေ သေဆုံးမှုတွေ ရှိနိုင်တဲ့အဆင့်ထိ ပြောင်းသွားနိုင်ကြောင်း သတင်းဌာနက ကြေညာသွားပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ဇန်နဝါရီ လကုန်ပိုင်းကစပြီး ဗိုင်းရပ်စ်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ထားခဲ့ကြောင်း သိရပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားကြားက မိုင် ၈၈၀ ရှိ နယ်စပ်ဟာ ဆောင်းတွင်းပိုင်းမှာ မြစ်တွေက ရေခဲသွားတဲ့အတွက် နှစ်နိုင်ငံကြားကို အလွယ်တကူ သွားလာနိုင်တာကို တွေ့ရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လက်တလော ရက်ပိုင်းမှာ နေ့စဉ် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄၀ ကနေ ၆၀ အထိ ရှိနေကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP