ပြုံယမ်း၊ အောက်တိုဘာ ၁
မြောက်ကိုရီးယားနိုင်ငံက ရုရှားနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်မှုနှင့်ပတ်သက်၍ အမေရိကန်၏ ရှုတ်ချမှုကို ပြင်းပြင်း ထန်ထန်တုံ့ပြန်ခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကို မဟာဗျူဟာမြောက် အခိုင်အမာခံတပ်တစ်ခု အဖြစ် သတ်မှတ်ထားပါကြောင်း မြောက် ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီချွန်အီ၏ ပြောကြားချက်ကို နိုင်ငံပိုင် Korean Central News Agency က အောက်တိုဘာ ၁ ရက်တွင် သတင်းဖော်ပြသည်။
အမေရိကန်နိုင်ငံသည် ကောင်းမွန်သော အိမ်နီးချင်းဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုကို နိုင်ငံတကာဥပဒေ ချိုးဖောက်မှုဟု အခြေအမြစ်မရှိ စွပ်စွဲ ပြောဆိုကြောင်း ဒုတိယနိုင်ငံခြားရေး ဝန်ကြီး အီချွန်အီက ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့ငြိမ်း ချမ်းရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေသည်ဟု အမေရိကန်က ကမ္ဘာကို လွဲမှားစွာထင်မြင်ချက်ပေးရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးသည် လက်ရှိတွင် မြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။
ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးကို “အင်အားကြီးမားသော ခံတပ်နှင့် ဗျူဟာမြောက်အမာခံ” ဟူ၍ ၎င်းက ခေါ်ဆိုခဲ့ သည်။
စက်တင်ဘာလတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို ရုရှား နိုင်ငံ၌ ကျင်းပခဲ့သည်။ အောက်တိုဘာ ၁၂ ရက်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် (၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။
ထို့ပြင် မြောက်ကိုရီးယားနိုင်ငံသည် ချစ်ကြည်ရင်းနှီးသော နိုင်ငံများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်ရန် ကြိုးပမ်း လျက်ရှိကြောင်းလည်း ဒုဝန်ကြီး အီချွန်အီ က ပြောကြားခဲ့သည်။
ခေါင်းဆောင် ကင်ဂျုံအန်သည် တရုတ်နိုင်ငံ၏ အမျိုးသားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အောက်တိုဘာ ၁ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ဝမ်းမြောက်ကြောင်း ပေးစာတစ်စောင် ပေးပို့ခဲ့သည်။
မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးသည် သမိုင်းဝင်ကာလသစ်သို့ ရောက်ရှိနေပြီဟု ကင်ဂျုံအန်က ရေးသားခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်