ပြုံယမ်း၊ ဇန်နဝါရီ ၂

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၂၀၂၄ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တု သုံးလုံးကို ထပ်မံလွှတ်တင်ရန် စီစဉ်လျက်ရှိကြောင်း ယနေ့ကြေညာသည်။

 

မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီသည် မူဝါဒချမှတ်ရေး ဗဟိုကော်မတီ အစည်းအဝေးကို ငါးရက်ကြာ ကျင်းပခဲ့ကြောင်း ပါတီသတင်းစာ Rodong Sinmun က ဒီဇင်ဘာ ၃၁ ရက်တွင် သတင်းဖော်ပြသည်။

 

ထောက်လှမ်းရေးဂြိုဟ်တု သုံးလုံးကို လွှတ်တင်ရန် အစီအစဉ်များအပါအဝင် လာမည့်နှစ်အတွက် မူဝါဒများဆိုင်ရာ အစည်းအဝေးတွင် ခေါင်းဆောင်ကင်ဂျုံအန်၏ မိန့်ခွန်းပါအကြောင်းအရာများကိုပါ ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ပထမဆုံး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုကို နိုဝင်ဘာလတွင် အောင်မြင်စွာ လွှတ်တင်ခဲ့သည်။

 

ကင်ဂျုံအန်သည် နိုင်ငံ၏နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားသည်။

 

ထို့ပြင် ကင်ဂျုံအန်သည် တောင်ကိုရီးယားနိုင်ငံနှင့် ပေါင်းစည်းရေးအတွက် အလားအလာရှိသော မိတ်ဖက်အဖြစ် ထည့်သွင်း စဉ်းစားတော့မည် မဟုတ်ကြောင်းလည်း ပြောကြားသည်။

 

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများကို တန်ပြန်ရေး ပြုံယမ်း၏စစ်အင်အားကို ပိုမိုအားကောင်းစေရန် ရည်ရွယ်ထားကြောင်း ခေါင်းဆောင်ကင်က အလေးအနက် ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်