ဆိုးလ် ဇန်နဝါရီ ၂၈
မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည်နှစ်စင်းကို အရှေ့ဘက်ရေပိုင်နက်သို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲကာကွယ်ရေးဦးစီးချုပ်ရုံး (ဂျေစီအက်စ်) က ဇန်နဝါရီ ၂၇ ရက်က အတည်ပြုပြောကြားလိုက်သည်။
တောင်ကိုရီးယားစစ်ဘက်က ဒုံးကျည်နှစ်စင်းကို ခြေရာခံတွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါဒုံးကျည်များသည် တာတိုပစ်ဒုံးကျည်များဖြစ်မည်ဟု ယူဆရကြောင်း၊ ၎င်းဒုံးကျည်များကို မြောက်ကိုရီးယားအရှေ့ဘက် ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ဟမ်ဟန်းမှ အရှေ့ပင်လယ်ဆီသို့ဦးတည်ပြီး ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်က ပစ်လွှတ်ခဲ့ကြောင်း ဂျေစီအက်စ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပစ်လွှတ်ခြင်းနှင့်ပတ်သက်သည့် သတင်းအချက် အလက်များကိုရရှိပြီး ခွဲခြမ်းစိတ်ဖြာနိုင်ရန် အမေရိကန် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ မြောက်ကိုရီးယားသည် ဇန်နဝါရီ ၅ ရက်က တစ်ကြိမ်၊ ဇန်နဝါရီ ၁၁ ရက်က တစ်ကြိမ် ဒုံးကျည်များကို ပစ်လွှတ်စမ်းသပ်ခဲ့ပြီး နောက်တစ်နေ့တွင် အသံထက်မြန်သည့်ဒုံးကျည်များကို ပစ်လွှတ်စမ်းသပ်ခြင်းဖြစ်ကြောင်း ကြေညာခဲ့ သည်။ အလားတူ ဇန်နဝါရီ ၁၄ ရက်က တစ်ကြိမ်၊ ဇန်နဝါရီ ၁၇ ရက်ကတစ်ကြိမ် ဒုံးကျည်များကို ပစ်လွှတ်ခဲ့သည်။ အဆိုပါဒုံးကျည်များသည် တာတို ပစ်ဒုံးကျည်များဖြစ်မည်ဟု ယူဆရသည်။
အင်္ဂါနေ့ကလည်း မြောက်ကိုရီးယားသည် နျူကလီးယားဒုံးကျည်များကို ပစ်လွှတ်စမ်းသပ်ခဲ့သည်။ ဇန်နဝါရီ ၂၇ ရက်က ပစ်လွှတ်စမ်းသပ်မှုသည် ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ ခြောက်ကြိမ်မြောက် ပစ်လွှတ်စမ်းသပ်ခဲ့ခြင်းပြီး ပြုံယမ်း၏ စစ်ရေးစွမ်းပကားကို တိုးချဲ့ရန် ရည်ရွယ်ချက်ကို ထင်ရှားစေရန် မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။
မြောက်ကိုရီးယားအာဏာရပါတီဖြစ်သည့် အလုပ်သမားပါတီနိုင်ငံရေးဗျူရိုက ဇန်နဝါရီ ၁၉ ရက် အစည်းအဝေးတွင် အမေရိကန်၏နယ်ချဲ့ဝါဒကို ကာလရှည်ကြာ ထိပ်တိုက်ရင်ဆိုင်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ