ပြုံယမ်း ၂၅ စက်တင်ဘာ
မြောက်ကိုရီးယားနိုင်ငံသည် တိုက်ချင်းပစ်ဒုံးကျည် တင်ဆောင်နိုင်သည့် ရေငုပ်သင်္ဘောသစ်တစ်စင်း တည်ဆောက်ရန် ကြိုးပမ်းမှုကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်ဟန်ရှိသည်ဟု ဂြိုဟ်တုပုံရိပ်များက ဖော်ပြလျက်ရှိကြောင်း အမေရိကန်သုတေသန အဖွဲ့က ပြောကြားခဲ့သည်။
ဆင်ပိုအရှေ့ပိုင်းဆိပ်ကမ်းရှိ သင်္ဘောကျင်းတစ်ခုအား စက်တင်ဘာ ၂၃ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံများကို နိုင်ငံတကာလေ့လာမှုဆိုင်ရာ မစ်ဒယ်လ်ဘာရီ အင်စတီကျုနှင့် Planet Labs ဂြိုဟ်တုအော်ပရေတာအဖွဲ့အစည်းမှ သုတေသနပညာရှင်များက အသေးစိတ်လေ့လာစိစစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂြိုဟ်တုပုံရိပ်များအရ သင်္ဘောကျင်းကို ခွထားသည့်ကြီးမားသော အဆောက်အအုံတစ်ခု၏ အမိုးကို တွေ့မြင်ကြောင်းနှင့် အဆောက်အအုံ၏ အတွင်းပိုင်းတွင် လှုပ်ရှားဆောင်ရွက်မှုများကို ဖုံးကွယ်ရန်အတွက် အရာတစ်ခုဖြင့် ဖုံးအုပ်ထားဟန်ရှိကြောင်း အဆိုပါသုတေသနအဖွဲ့က ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ဖမ်းယူရရှိခဲ့သည့် ဂြိုဟ်တုပုံရိပ်များအရ ယင်းအဆောက်အအုံမှာ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်နိုင်စွမ်းရှိသည့် ရေငုပ်သင်္ဘောသစ်တစ်စင်းကို သိုဝှက်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ဆောက်လုပ်ဆဲအနေအထားဖြစ်ကြောင်း သုတေသနအဖွဲ့က ပြောကြားခဲ့သည်။
ထို့အပြင် စက်တင်ဘာ ၂၃ ရက်က ရိုက်ကူးခဲ့သည့် ဂြိုဟ်တုပုံရိပ်၌ ဝန်ချီစက်တစ်ခုကို တွေ့ရပြီး ယင်းဝန်ချီစက်အနီး အနားတွင် ဆောက်လုပ်ရေးပစ္စည်းများ ရှိနေသည့်အတွက် မြောက်ကိုရီးယားအနေဖြင့် ရေငုပ်သင်္ဘော ဆောက်လုပ်မှုကို အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု ထင်မှတ်ဖွယ်ရာရှိကြောင်း အမေရိကန်သုတေသနအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
အင်န်အိတ်ချ်ကေ