ပြုံယမ်း   ဖေဖော်ဝါရီ   ၂၃

မြောက်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် အာဏာရအလုပ်သမားပါတီ ညီလာခံက နိုင်ငံ့ခေါင်းဆောင်  ကင်ဂျုံအန်အား အလုပ်သမားပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ကြောင်း  ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၃ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

အလုပ်သမားပါတီနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပါတီညီလာခံသို့  တက်ရောက်လာသည့် ကိုယ်စားလှယ်များ၊ ပါတီဝင်များအပါအဝင် ပြည်သူတစ်ရပ်လုံးနှင့် တပ်မတော်သားများ၏ တူညီသည့် ဆန္ဒအရ နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်အား အလုပ်သမားပါတီ၏   အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း   ကိုရီးယားဗဟိုသတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်၏ လက်ထက်တွင်   မြောက်ကိုရီးယားနိုင်ငံ၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ပြီး  နိုင်ငံကာကွယ်ရေးအတွက် အဓိကကျသည့်   နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးကို   အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက်  အာဏာရပါတီ၏   အထွေထွေအတွင်းရေးမှူးချုပ်ရာထူးတာဝန်ကို  ပြန်လည်ထမ်းဆောင်ရန် ၎င်းအား  ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါညီလာခံတွင် အလုပ်သမားပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင်များကိုလည်း ရွေးချယ်ခဲ့ကြောင်းနှင့် ပါတီ၏  စည်းမျဉ်းများကို  ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ