၂၄ ဧပြီ

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရုရှားနိုင်ငံသို့ ရထားစီးပြီး ရောက်ရှိလာကြောင်း သိရသည်။

 

ကင်ဂျုံအန်၏ ရထားသည် ရုရှား-မြောက်ကိုရီးယား နယ်စပ် တူမန်မြစ်ကို ဖြတ်ကျော်ပြီး ရုရှားနိုင်ငံဘက်ခြမ်းရှိ ကာဆန် ဘူတာရုံကို ယနေ့မနက်ပိုင်း က ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

အန်အိတ်ချ်ကေ ရိုက်ကူးထားသော ဗွီဒီယိုဖိုင်တွင် ကင်ဂျုံအန် သည် ရထားဖြင့်ရောက်ရှိလာပြီး လာရောက် ကြိုဆိုသူများကို ၎င်း၏ ဦးထုပ်ချွတ်ပြီး နှုတ်ဆက်ပုံကို တွေ့မြင်ရသည်။

 

ကင်ဂျုံအန် ကို ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အီဂါ မောဂူလပ် အပါအဝင် အကြီးတန်းရုရှားတာဝန်ရှိသူများက ကော်ဇောနီပေါ်တွင် လက်ခံကြိုဆိုခဲ့ကြသည်။

 

ကင်ဂျုံအန်သည် သူ၏အဖိုးဖြစ်သူ ကင်အီဆောင်၏ အဆောက်အအုံတစ်ခု ကို သွားရောက်လည်ပတ်ခဲ့ကြောင်း နှင့် ယင်းအဆောက်အအုံသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်သည့်အထိမ်းအမှတ်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

mdn

 

ကင်ဂျုံအန်သည် ရထားဖြင့် နှစ်နိုင်ငံနယ်စပ်မှ ၃၀ဝ ကီလိုမီတာအကွာ ရုရှားနိုင်ငံအရှေ့ဖျားရှိ ဗလာဒီဗိုစတော့ခ် မြို့တော်သို့ ယနေ့နှောင်းပိုင်းတွင် ရောက်ရှိမည်ဟု မျှော်မှန်းထားပြီး ကြာသပတေးနေတွင်  ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖွယ်ရှိကြောင်း ဖော်ပြထားသည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၂၀၁၁ ခုနှစ်သြဂုတ်လ က  ၎င်း၏ ဖခင် ကင်ဂျုံအီ ရုရှားနိုင်ငံသို့ ခရီးစဉ် သွားရောက်ခဲ့ပြီးနောက်ပိုင်း ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

ကိုးကား - အန်အိတ်ချ်ကေ

ဘာသာပြန်- မြင့်မြင့်ချို

 

mdn