မတ် ၂၅
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါး ဖူမီယိုက ဂျပန်ပင်လယ်ပြင်အနီးသို့ မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ကျရောက်မှုကို ပြင်းထန်စွာရှုတ်ချခဲ့သည်။
ဂျီ-၇ အစည်းအဝေးသို့တက်ရောက်ရန် ဘယ်လ်ဂျီယံနိုင်ငံသို့ရောက်ရှိနေသော ကီရှီဒါးသည် ယမန်နေ့က ဟော့ကိုင်းဒိုးခရိုင်ကမ်းလွန်ပင်လယ်ထဲသို့ဒုံးကျည်ကျရောက်ပြီးနောက်မကြာမီ သတင်းထောက်များ အားပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည်ပဲ့ထိန်းဒုံကျည်ပုံစံတစ်မျိုးဟုယူဆရသည့်ဒုံးကျည်တစ်စင်းကိုပစ်လွှတ်ခဲ့ရာဂျပန် ရေပိုင်နက် အနီးသို့ ကျရောက်ခဲ့သည်ဟု ၎င်းကဆိုသည်။ ထိုဖြစ်ရပ်ကို ၎င်းအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ယခုနှစ်အစပိုင်းမှစတင်ကာ ဒုံးကျည်များ မကြာခဏ ပစ်လွှတ်ခဲ့ရာ ယင်းသို့ပစ်လွှတ်မှုများတွင် အိုင်စီဘီအပ်အမျိုးအစားသစ် ဒုံးကျည်လည်းပါဝင်သည်။
မြောက်ကိုရီးယား၏ယင်းသို့ဒုံးကျည်ပစ်လွှတ်မှုများသည် နိုင်ငံတကာအသိုင်းအဝိုင်း၊ ဒေသတွင်းနှင့် ဂျပန်နိုင်ငံ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့ကို ခြိမ်းခြောက်မှုဖြစ်ပေါ်စေသည်ဟု ကီရှီဒါးကဆိုသည်။
မြောက်ကိုရီးယား၏နောက်ဆုံးဒုံးကျည်ပစ်လွှတ်ခြင်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်ကြောင်း၊ အရေးယူပိတ်ဆို့ခြင်းအပါအဝင် နောက်ထပ်အရေးယူမှုများနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်၊ တောင်ကိုရီးယား၊ အခြားသောနိုင်ငံများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဂျီ-၇ အစည်းအဝေးတွင် ထိုကိစ္စကို တင်ပြသွားမည်ဟုလည်း ကီရှီဒါးက ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို