မတ် ၈
ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံတိုက မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးဒုံးကျည်ပစ်လွှတ်မှုအပေါ် ပြစ်တင်ရှုတ်ချသည့်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် ဒုံးကျည်ကို ဂျပန်ပင်လယ်ထဲသို့ ပြီးခဲ့သည့်စနေနေ့က ပစ်လွှတ်ခဲ့ကြောင်းနှင့် နောက်နေ့တွင် ထောက်လှမ်းရေးဂြိုလ်တုတစ်ခု တီထွင်ထုတ်လုပ်မှုအတွက် စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံအပါအဝင် နိုင်ငံ၁၁ နိုင်ငံက ထိုစမ်းသပ်ပစ်လွှတ်မှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ထိုကြေညာချက်တွင်ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်း၏ပဲ့ထိန်းဒုံးကျည်အစီအစဉ်များထက် ပြည်သူများ၏ လူ့အခွင့်အရေးနှင့် အခြေခံလိုအပ်ချက်များကို ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားထားသည်။
ထိုနိုင်ငံ၏ ယင်းသို့အန္တရာယ်များပြီး ဥပဒေမဲ့လုပ်ရပ်များကို ရှုတ်ချရန် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးကိုလည်း ထိုကြေညာချက်တွင် တောင်းဆိုထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကိုတုံ့ပြန်ရန် ယခုနှစ်အတွင်း အရေးပေါ်အစည်းအဝေး ငါးကြိမ်ပြုလုပ်ခဲ့သည်။
သို့ရာတွင် မြောက်ကိုရီးယားနိုင်ငံနှင့် ပတ်သက်ပြီး အမေရိကန်နှင့်အခြားနိုင်ငံတို့ အဆိုပြုထားသော ပြင်းထန်သည့်ဒဏ်ခတ်ပိတ်ဆို့မှုကို တရုတ်နှင့်ရုရှားနိုင်ငံတို့က ကန့်ကွက်သဖြင့် ယင်းအစည်းအဝေးများတွင် အဆုံးသတ် သဘောတူညီချက်ရရှိခြင်းမရှိပေ။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို