ဆိုးလ် ဖေဖော်ဝါရီ ၂၀
မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီ ၁၈ ရက်တွင် ဒုံးကျည်ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ လေတပ်များသည် ယမန်နေ့က ပူးတွဲလေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်အရ သိရသည်။
သတင်းထုတ်ပြန်
ဖေဖော်ဝါရီ ၁၉ ရက်အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် နိုင်ငံ၏ B-1 ဗုံးကြဲလေယာဉ် တစ်စင်းအပါအဝင် လေယာဉ်အစင်းပေါင်း ၁၀ စင်း ပါဝင်လေ့ကျင့်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ယွန်ဟက် သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါလေယာဉ်များသည် ပင်လယ်ဝါဒေသမှ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂျပန်ပင်လယ်အထိ ပျံသန်းခဲ့ကြကြောင်းလည်း ယွန်ဟက်သတင်း အေဂျင်စီက ပြောကြားသည်။ ယင်းသို့ စစ်ရေး လေ့ကျင့်စဉ်အတွင်း နှစ်နိုင်ငံမှ တိုက်ခိုက်ရေး လေယာဉ်များသည် B-1 ဗုံးကြဲလေယာဉ်ကို စောင့်ကြပ်လိုက်ပါခဲ့ကြကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံသည် Hwasong-15 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်