၂၅ ဇူလိုင်
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုသည် ထိုင်းနိုင်ငံတွင် လာမည့်သြဂုတ်လ၌ ကျင်းပမည့် ဒေသလုံခြုံရေးဆွေးနွေးပွဲတစ်ခုသို့ တက်ရောက်ဖွယ်မရှိကြောင်း တောင်ကိုရီးယား မီဒီယာက ဆိုသည်။
သြဂုတ်လ ၂ ရက်နေ့ ဘန်ကောက်မြို့တွင် ကျင်းပမည့် အာဆီယံဒေသတွင်း ဆွေးနွေးပွဲသို့ ရီယောင်ဟို တက်ရောက်ခဲ့လျှင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုနှင့် ရီယောင်ဟိုတို့အကြား အလားအလာရှိသော အစည်းအဝေးတစ်ခုအဖြစ် အများက ထင်ကြေးပေးခဲ့ကြသည်။
ထိုအစည်းအဝေးတွင် မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး ၎င်းတို့နှစ်ဦး ဆွေးနွေးကြမည်ဟု မျှော်လင့်ထားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရီယောင်ဟို တက်ရောက်နိုင်မည်မဟုတ်ကြောင်း မြောက်ကိုရီးယားက ထိုင်းအစိုးရကို အကြောင်းကြားခဲ့သည်ဟု သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး တောင်ကိုရီးယား ယွန်ဟပ်နယူးအေဂျင်စီ က ယနေ့ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များက ထိုဆွေးနွေးပွဲသို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး နှစ်စဉ်တက်ရောက်ခဲ့သည်။
သြဂုတ်လတွင် အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ရန် စီစဉ်ထားခြင်းသည် မြောက်ကိုရီးယားအပေါ် ဖိအားပေးရန် ဗြောင်ကျကျ လုပ်ဆောင်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ပြီးခဲ့သည့် သီတင်းပတ်က ပြစ်တင်ဝေဖန်ခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် အဆိုပါ စစ်ရေးလေ့ကျင့်ခြင်းကို ဆန့်ကျင်သောအားဖြင့် ယင်းဆွေးနွေးပွဲကို မတက်ရောက်ခြင်း ဖြစ်နိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို