ရက်သတ္တပတ်အနည်းငယ်အတွင်း မြောက်ကိုရီးယားနိုင်ငံနှင့် နျူကလီးယားလျော့ချရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရန် မျှော်လင့်လျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ မကြာသေးမီက ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်ပြီး မည်ကဲ့သို့ တုံ့ပြန်မည်နည်းဟု နိုင်ငံခြားရေးဝန်ကြီးဌာန၌ သတင်းထောက်များက မေးမြန်းရာတွင် ပွန်ပီယိုက ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ၏ အလုံးစုံ နျူကလီးယားလျော့ချရန် ရည်ရွယ်သော မဟာဗျူဟာကိုလုပ်ဆောင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အမေရိကန်အစိုးရက သန္နိဋ္ဌာန်ချထားပါကြောင်း ၎င်းက ပြောသည်။
ဇွန်လအတွင်း ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန်အတွင်း ဒေါ်နယ်ထရန့်က ကင်ဂျုံအန်းနှင့် တွေ့ဆုံခဲ့စဉ် ဇူလိုင်လလယ်တွင် နျူကလီးယားလျော့ချရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူခဲ့သော်လည်း မည်သည့်တိုးတက်မှုမျှ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပေ။
မြောက်ကိုရီးယားနိုင်ငံက တာတိုဒုံးကျည်များ ပစ်လွှတ်မှုနှင့်ပတ်သက်၍ ပြဿနာမရှိဟု အမေရိကန်နိုင်ငံက ခံယူထားပြီး ပြုံယမ်းနှင့် ဆွေးနွေးမှုဆက်လက်ပြုလုပ်ရန် မျှော်လင့်လျက်ရှိသည်။
တနင်္လာနေ့မှ စတင်ပြီး အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းကို ဆန့်ကျင်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားပစ်လွှတ်ခြင်းကို အရှိန်အဟုန်မြင့် ပြုလုပ်ခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်