မောက်မယ် သြဂုတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဒေသထွက် ရှောက်ချိုသီးများ စတင်ထွက်ရှိချိန်တွင် စျေးကွက်၌ စျေးကောင်းပေး ဝယ်ယူသဖြင့်  ရှောက်ချိုစိုက် တောင်သူများ အဆင်ပြေကြပြီး တောင်ကြီးစျေးကွက်သို့ ကားကြီးကားငယ်များဖြင့် တင်ပို့လျက်ရှိသကဲ့သို့ ရွေ့လျား ရောင်းချခြင်းဖြင့်လည်း ပုံမှန်ဝင်ငွေများရရှိကာ တစ်ဆင့်ပြန်လည်ရောင်းချသူများအနေဖြင့်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မောက်မယ်စျေးကွက်တွင် ရှောက်ချိုသီးရောင်းချသူများအနေဖြင့် အလုံးကြီး တစ်လုံးလျှင် ငွေကျပ် ၄၀၀၊ အလုံးလတ် တစ်လုံးလျှင် ငွေကျပ် ၃၅၀၊ အလုံးငယ် တစ်လုံးလျှင် ငွေကျပ် ၃၀၀ ရောင်းချလျက် ရှိကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ယခင် နှစ်ထက် ရှောက်ချိုသီးတစ်လုံးလျှင် ငွေကျပ် ၂၀၀ ခန့် စျေးကျခဲ့ကြောင်း သိရသည်။

ရှောက်ချိုသီးတွင် ဗီတာမင် အေ၊ ဘီ၊ စီနှင့် ကယ်လစီယမ် များစွာပါဝင်သောကြောင့် အေး၍ချိုမြသော အရသာနှင့် အချဉ်ဓာတ်၊ အခါးဓာတ် အနည်းငယ်သာပါရှိသဖြင့် လူတိုင်းစားသုံးနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်၍ ဆေးဖက်ဝင်သည့် အဟာရဓာတ်များကိုလည်း ရရှိသည်။ ဒေသခံတောင်သူများအနေဖြင့် ရှောက်ချိုသီးနှင့်အတူ လိမ္မော်၊ သံပုရာများကိုပါ ရေကောင်းစွာရရှိသော ခြံများတွင် ပိုမိုစိုက်ပျိုး လာကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)