မောက်မယ် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု နှုန်းနှင့် မြို့နယ်အတွင်း၌ သံသယလူနာများ လျော့နည်းလာခြင်းကြောင့် (၂) လခန့် ခေတ္တယာယီပိတ်ထားပြီး နမ့်ယွမ်းဂေါက်ကွင်းတွင် ယာယီဖွင့်လှစ် ရောင်းချသည့် ယာယီပျံကျစျေးအား သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း စက်တင်ဘာ ၃၀ ရက် ယနေ့နံနက် ၅ နာရီမှစ၍ မြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးအတွင်းသို့ ပြန်လည်ပြောင်းရွှေ့ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့မစျေး ပြန်လည်မဖွင့်မီ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ပေါင်းမြက်ခြုံနွယ် စသည့် သန့်ရှင်းရေးများပြုလုပ်၍ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း ရောင်းချခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန်များဖြစ်သည့် ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့် ဆေးဝါးဆိုင်များ စျေးအတွင်း၌ စျေးရောင်းချမည့် စျေးသည်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများသာ စိစစ်ပြီး ရောင်းချခွင့်ပြု၍ ကာကွယ်ဆေး လုံးဝထိုးနှံခြင်း မရှိသူများအား ရောင်းချခွင့်မပြုရန်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ စျေးအတွင်း ဝင်ရောက်ရန်၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် သာရောင်းချရန်၊ မောက်မယ်မြို့နယ်အတွင်း နေထိုင်သော ဒေသခံများသာ ရောင်းချရန်၊ အခြားမြို့နယ်မှ စျေးသည်များ လာရောက်ရောင်းချခြင်း မပြုရန် စသည့် စည်းကမ်းချက်များ လိုက်နာခြင်းမရှိပါက ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)