မောက်မယ် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ဒေသခံများတောင်သူများ၏ အဓိကစီးပွားရေးမှာ အစေ့ထုတ်ပြောင်း တွင်တွင်ကျယ်ကျယ် စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်သော တောင်သူက ပိုများကြောင်း သိရသည်။

ယခင်နှစ်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုများပြားလာသောကြောင့် ကုန်စည်စီးဆင်းမှုနည်းပါးခဲ့ပြီး အစေ့ထုတ်ပြောင်း  သီးနှံများစျေးနှုန်း ကျဆင်းခဲ့သောကြောင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့် ခြံရှင်တောင်သူများ ဝင်ငွေနည်းပါးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်က ရှင်းပြသည်။

ယခုနှစ်တွင် ဒီဇင်ဘာလအတွင်း မြို့နယ်အတွင်းရှိ  အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် ငွေကျပ် ၅၃၀ မှ ၅၅၀ ကျပ်အထိ အဖွင့်စျေးနှုန်းရရှိနေခြင်းကြောင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့် ခြံရှင်တောင်သူများ အဆင်ပြေနေကြကြောင်း၊ ယခုရာသီ အစေ့ထုတ်ပြောင်းထွက်ရှိချိန် ဒေသခံပြည်သူများ အလုပ်အကိုင် မရှားပါးတော့ဘဲ လုပ်သားတစ်ဦး၏ ပုံပှန်ဝင်ငွေမှာ တစ်ရက်လျှင် ကျပ် ၈၀၀၀ အထိရရှိပြီး အဆိုပါ အစေ့ထုတ်ပြောင်း ရောင်းဝယ်နေသူများမှ နမ့်စန်နှင့် တောင်ကြီးအထိ တင်ပို့ရောင်းချလျက်ရှိကြောင်း  တောင်သူများထံမှ သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)