မောက်မယ် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသည့်အတွက် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၃ ရက်မှစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဦးစီး၍ လုံခြုံရေးလာရောက်ကြီးကြပ်ပေးခြင်း၊ ဆရာ/ဆရာမများကလည်း ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းခန်းအတွင်းနှင့် စာသင်ခုံများ သန့်ရှင်းရေး ဆောင်ရွက်ထားပေးခြင်းတို့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ်ရန်အတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ စာသင်ခန်းအတွင်းမဝင်မီ စနစ်တကျလက်ဆေးစေခြင်း၊ ၆ ပေအကွာတွင်သာ စနစ်တကျထိုင်စေခြင်း စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မောက်မယ်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၁)ကျောင်း၊ မူလတန်းကျောင်း (၃၅)ကျောင်းနှင့် မူလတန်းကျောင်းခွဲ (၄)ကျောင်း စုစုပေါင်း (၅၇)ကျောင်းမှ ကျောင်းသားကျောင်းသူများကို ပြန်လည်ဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)


