မောက်မယ် ဒီဇင်ဘာ ၁၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် စျေးကောင်းရရှိကြောင်း သိရသည်။

 

ဖူးစာပြောင်းစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစေရန် ရေလုံလောက်စွာသွင်းရပြီး စိုက်ပျိုးပြီးနှစ်လအကြာတွင် ဖူးစပြု၍ သုံးလအကြာတွင် အဖူးချိုးယူရောင်းချရသည်။ ဖူးစားပြောင်းအမျိုးအစားများမှာ သကြားပြောင်း၊ ပြောင်းကြမ်း၊ ရှမ်းပြောင်း(ဗမာပြောင်း)ဟူ၍ သုံးမျိုးရှိပြီး အစေ့ထုတ်ပြောင်းကြမ်းကို ဒေသနှင့်ကိုက်ညီသည့် မျိုးများဖြင့် ရွေးချယ်စိုက်ပျိုးကြရာ တိရစ္ဆာန်များအတွက်သာ အသုံးပြုစိုက်ပျိုးကြသည်။

 

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာတွင် ဇူလိုင်လမှစ၍ အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သဖြင့် ရောင်းချရလွယ်သည့် သီးနှံတစ်မျိုးဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ (၄)လကျော်ပါက စတင်ခူးဆွတ်ရောင်းချရကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်နှင့် ဝန်ထမ်းများက အစေ့ထုတ်ပြောင်းစံကွက်ကို တိုင်းတာချွေလေ့ကြည့်ရာ တစ်ဧကလျှင် (၁၁၀)ပိဿာ ထွက်ရှိကြောင်း၊ ရောင်းစျေးအနေဖြင့် ယခင်နှစ် အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် (၈၅၀)ကျပ်မှ (၁၀၀၀)ကျပ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ ယခုနှစ် ဒေသခံတောင်သူများက တွင်တွင်ကျယ်ကျယ်စိုက်ပျိုးကြရာ တစ်ပိဿာလျှင် (၁၃၀၀)ကျပ် ရောင်းချရသဖြင့် စျေးကောင်းရရှိ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)