ရန်ကုန်      ဖေဖော်ဝါရီ    ၇

 

မြန်မာပြည်တောင်ဖက်စွန်းရှိ ကော့သောင်းနှင့် မြိတ်ကျွန်းစု၌ နေထိုင်ကျက်စာ ကြသော ပင်လယ်ပျော် မော်ကင်း(ခေါ်) ဆလုံတိုင်းရင်းသား (Sea Gypsies)တို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် ရိုးရာ နတ်ကပွဲကို ဖေဖော်ဝါရီလ ဒုတိယပတ်နှင့် မတ်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု မကြုံဂလက်ကျေးရွာ၌ ဆလုံနှင့် မြန်မာ၊ ညောင်ပင်အော်ကျေးရွာ၌ ကရင်လူမျိုးများနေထိုင်ကြပြီး အဆိုပါ ရိုးရာနတ်ကပွဲကို လက်ဆင့်ကမ်း အမွေတစ်ခုအဖြစ် ယနေ့တိုင် ကျင်းပလျက်ရှိ၍ နတ်ဆရာများစုပေါင်းကာ ကျေးရွာအလိုက် ကျင်းပလေ့ရှိကြောင်း သိရသည်။

 

ဆလုံရိုးရာနတ်ကပွဲ ကိုပင်လယ်ပြင်၌ တစ်နှစ်ပတ်လုံး ငါး၊ ပုစွန်ပေါများစွာ ရရှိစေရန်၊ ကျန်းမာရေး ကောင်းမွန်စေရန်နှင့် ရိုးရာအမွေထိန်းသိမ်းမှုအဖြစ် ကျင်းပလေ့ရှိပြီး အဆိုပါနတ်ပွဲများကို ဖေဖော်ဝါရီ ၁၁ ရက်၌ ညောင်ဝှီးကျွန်း၊ ဖေဖော်ဝါရီ ၁၂ ရက်၌ လငန်းကျေးရွာနှင့် မတ် ၁၀ ရက်၌ မကြုံဂလက် ကျေးရွာတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ကော့သောင်းမြို့နယ်အနီးရှိ ကျွန်းများနှင့် မြိတ်ကျွန်းစု၌ ဆလုံတိုင်းရင်းသားအများစု နေထိုင်လျက်ရှိပြီး မကြုံဂလက်ကျေးရွာ၌ အိမ်ခြေ ၄၀၀ ခန့်ဖြင့် ဆလုံတိုင်းရင်းသား အများဆုံးနေထိုင်လျက်ရှိရာ အစည်ကားဆုံး ရိုးရာနတ်ကပွဲအဖြစ် မကြုံဂလက်ကျေးရွာ၌ ‌ရှေးယခင်ကစ၍ ယနေ့တိုင် အစဉ်အလာမပျက် ကျင်းပလျက်ရှိသည်။ ကော့သောင်းမြို့နယ်နှင့် ကျွန်းစုမြို့နယ် အတွင်းနေထိုင်ကြသည့် မော်ကင်း(ခေါ်) ဆလုံတို့သည် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ ကိုးကွယ်ကြပြီးအချို့မှာ နတ်ကိုးကွယ်ကြကြောင်း သိရသည်။

 

 “ဆလုံတိုင်းရင်းသားတွေရဲ့ နတ်ကပွဲဟာ မဖြစ်မနေလုပ်ဆောင်ကြတဲ့ ရိုးရာပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ကျေးရွာတွေမှာရှိတဲ့ နတ်ဆရာတွေစုပြီး နတ်ပွဲကျင်းပမယ့်ရွာကို သွားရောက်လေ့ရှိပါတယ်။ နတ်ကပွဲကျင်းပချိန်မှာ ပင်လယ်ပြင်ထွက်ခွာလေ့ မရှိပါဘူး။ တစ်နှစ်ပတ်လုံး အစစအရာရာ အဆင်ပြေအောင် နတ်ကပွဲလုပ်ဆောင်ကြတာပါ။  တိုင်းရင်းသားထဲမှာ ဆလုံတိုင်းရင်းသားဟာ လူဦးရေအနဲဆုံး ဖြစ်တဲ့အပြင် ပင်လယ်ပြင်ကိုအမီပြုပြီး ဘဝရှင်သန်နေထိုင်သူတွေလည်း ဖြစ်ပါတယ်။ လူမျိုးတစ်မျိုးမှာ ရိုးရာအမွေဆိုတာဟာလည်း အရေးကြီးပါတယ်။ ဒါကြောင့် နှစ်စဉ် နတ်ကပွဲကို မဖြစ်မနေလုပ်ဆောင်တာပါ။ အရင်ကဆိုရင် ဆလုံနတ်ပွဲမှာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ လာရောက် လည်ပတ်တာလည်း ရှိပါတယ်။ ဆလုံရိုးရာနတ်ပွဲကျင်းပဖို့ တိုင်းဒေသကြီးအစိုးရက ကူညီထောက်ပံ့ပေး တာလည်း ရှိပါတယ်”ဟု ကျွန်းစုမြို့နယ် မော်ကင်းဆလုံစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးငွေဝင်းက ပြောသည်။

 

ဆလုံတိုင်းရင်းသားများအနေဖြင့် ရိုးရာနတ်ကပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိသော်လည်း နတ်ကိုး ကွယ်မှု လျော့နည်းလာလျက်ရှိပြီး ယခင်ကနတ်ဆရာတို့ထံ ဆေးကုသကြရာမှ ယခုအခါ ကျေးလက် ဆေးခန်း၌ကုသကြ၍ ပညာရေးနှင့် ကျန်းမာရေး အသိပွင့်လင်းလာလျက်ရှိကာ မော်ကင်းဆလုံ စာပေနှင့်ယဉ်ကျေးမှု အသင်းမှ ဆလုံတိုင်းရင်းသားတို့၏   ယဉ်ကျေးမှုနှင့် လူမှုဘဝဖွံ့ဖြိုးမှုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ လက်တွဲဆောင်ရွက်လျက်ရှိပြီး တိုင်း‌ဒေသကြီး အစိုးရအဖွဲ့၏ အစီအမံဖြင့် ဆလုံတိုင်းရင်းသားတို့၏ လူမျိုးစုမှတ်တမ်းရိုက်ကူး၍ နိုင်ငံတကာ ခရီးသွားများ ပိုမိုသိရှိလည်ပတ်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ-ဇွဲမာန်
သစ္စာ(
mna)