ပဲခူး ၂၄ မတ်
(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မတ် ၂၄ ရက် နံနက် ၁၀ နာရီက ပဲခူးမြို့နယ် စစ်မှုထမ်းဟောင်းရုံး အစည်းအဝေးခန်းမတွင် သက်ကြီးစစ်မှုထမ်းဟောင်းများ၊ မော်ကွန်းဝင်နှင့် စွန့်လွှတ်စစ်သည်များအား ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ (၇၄)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစာတမ်းအား ပဲခူးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးလှတင်ဦး(ငြိမ်း)က ဖတ်ကြားပြီး တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက မော်ကွန်းဝင်ပုဂ္ဂိုလ် (၂)ဦး၊ မသန်စွမ်းအဖွဲ့ဝင် (၂၅၀)ဦး၊ အသက်(၈၀)နှစ် ပြည့်ပြီးသော အဖွဲ့ဝင် (၆၀)ဦး၊ စွမ်းရည်ဘွဲ့တံဆိပ်ရရှိခဲ့သူ (၆)ဦးနှင့် သင်တန်းထူးချွန် (၁)ဦးတို့အား ဂါရဝပြုလက်ဆောင် ပစ္စည်းများနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တပ်မ(၇၇)ဌာနချုပ် ဆေးတပ်ဖွဲ့မှ ပဲခူးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရှိ သက်ကြီးစစ်မှုထမ်းဟောင်းများနှင့် မသန်စွမ်း စစ်မှုထမ်းဟောင်းအဖွဲ့များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြသည်။
ပဲခူးမြို့နယ် စစ်မှုထမ်းဟောင်း အမှုဆောင်အဖွဲ့အနေဖြင့် ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဖွဲ့ဝင် စွန့်လွှတ်စစ်သည် (၂၅၀)ဦးနှင့် အဖွဲ့ဝင်အင်အား (၁၆၇၁)ဦးတို့၏ သက်သာချောင်ချိရေး ထောက်ပံ့မှုများကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ ယခု(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မော်ကွန်းဝင်နှင့် စွန့်လွှတ်စစ်သည်များအတွက် စုစုပေါင်းငွေကျပ် (၇၆)သိန်းတန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများအား ချီးမြှင့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးလှတင်ဦး(ငြိမ်း)က ပြောသည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၉၀၁) ခေတ္တအမြှောက်စစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ တပ်မ(၇၇)ဌာနချုပ်မှ နည်းဗျူဟာမှူးနှင့် တပ်မတော်အရာရှိများ၊ တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမှုဆောင်အဖွဲ့ဝင်များ၊ နယ်မြေခေါင်းဆောင်များ၊ သက်ကြီးနှင့် မသန်စွမ်းစစ်သည်များ၊ ဖိတ်ကြားထားသည့် မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


