နေပြည်တော်၊ ၁၄ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဇွန် ၁၂ ရက်က မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တို့၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ ဒေသနေတောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးမှာကြား ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ မြောက်နဝင်း ရေလှောင်တမံ၏ ဝင်ရေသိုလှောင်ထိန်းသိမ်းထားရှိမှုနှင့် တမံကြံ့ခိုင်မှုများကို လည်းကောင်း၊ ရေသောက်စနစ်နှင့် အကျိုးပြု ဆည်ရေသောက် ဧရိယာအတွင်းရှိ စိုက်ကွင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရေစီမံခန့်ခွဲမှုဆိုင်ရာ ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်ရေး၊ ရေအသုံးချသူအဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ရေးနှင့် အသိပညာပေးဆွေးနွေးရန် လိုအပ်ချက်များကို လည်းကောင်း၊ ဆည်၏သိုလှောင်ရေလက်ကျန်နှင့်သီးနှံအမျိုးအစားအလိုက် ရေပေးဝေမှုစနစ် ရေးဆွဲဆောင်ရွက်ရန်နှင့် ဆည်ရေသောက်အတွင်းရှိ စက်မှုလယ်ယာ စနစ်ကျ လယ်မြေများ အကျိုးရှိစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် တို့ကို ဆွေးနွေးမှာကြားသည်။
မြောက်နဝင်းရေလှောင်တမံ ဆည်ရေသောက် ဒေသအတွင်း၌ မိုးစပါး ဧက ၅၀၀၀၀ ခန့်နှင့် နွေစပါး ဧက ၁၀၀၀၀ ကျော် အပါအဝင် နှစ်စဉ်စိုက်ပျိုးမြေဧက ၉၀၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း နှစ်စဉ် နွေစပါး၊ မိုးစပါး စုစုပေါင်း ၂၉ သိန်းကျော်၊ ပဲမျိုးစုံ စိုက်ဧက သိန်း ၂၀ ကျော်၊ ဆီထွက်သီးနှံ ၃၅၀၀၀၀ ခန့်နှင့် စက်မှုကုန်ကြမ်းသီးနှံများနှင့် ဟင်းရွက်သီးနှံစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး လယ်ယာကုန်ထုတ်သမဝါယမအသင်း ၃၀၀၀ ကျော် အပါအဝင် တောင်သူလယ်သမား အသင်းအဖွဲ့ ၃၅၀၀ ကျော်ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


