ရန်ကုန် ၁၃  အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း မြို့နယ်ပေါင်းကိုးမြို့နယ်မှ အသက် ၆၀ နှစ်နှင့် အထက်အသက် အရွယ်ကြီးသူများ နေအိမ်တွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြင်ဆင်ဆောင်ရွက်ထားကြောင်း အဆိုပါ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

    

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး ဆောင်ရွက်နေစဉ် ကာလ၌ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားသော မြို့နယ်တို့တွင် ရောဂါကူးစက်မှု လွယ်ကူနိုင်သည့် အသက် ၆၀ နှစ်နှင့်အ ထက်ရှိသူ (၁၉၆၀ ပြည့်နှစ်နှင့် ယင်းနှစ်၏ ရှေ့ပိုင်းမွေးဖွားသူ)များကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့ထိ နေအိမ်၌ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်မှု ပေးမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးနိုင်သော အခြေအနေမရှိပါ ကရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးရန်နှင့်ကျန်းမာရေး အခြေအနေအရကိုယ်တိုင် သွားရောက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ သတင်းပေးပို့လျှင်နေအိမ်၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကအောက်တိုဘာ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်သည်။

 

“မြောက်ပိုင်းခရိုင်က မြို့နယ်ပေါင်း ကိုးမြို့နယ်မှာ အသက် ၆၀ နှစ်နဲ့ အထက် ၂၅၁၆၈၆ ဦး ရှိတယ်။ ဒုတိယအကြိမ်မဲ စာရင်းကပ်ထားတဲ့ အပေါ်မှာ မွေးသက္ကရာဇ်နဲ့ စစ်ဆေးထားတာပါ။ အချို့ကမဲရုံကို ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးချင်တဲ့သူတွေလည်း ရှိတယ်။ အားလုံးပြင်ဆင် ဆောင်ရွက်ထားပါတယ်”ဟု မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်တင်က ပြောသည်။

 

ရန်ကုန်မြောက်ပိုင်းခရိုင်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေဆက်စပ်သူ ၁၅၉၉၇ ဦး ရှိပြီး Quarantine center များတွင် ၅၀၀၀ ကျော်ရှိရာ ကြိုတင်မဲ ပေးနိုင်ရန်နှင့် သတ်မှတ်ရက်တွင် ဆန္ဒမဲပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီး အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ အနေဖြင့် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်နှင့် နေအိမ်များမှ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ-သစ္စာ