ရန်ကုန်   ၉    အောက်တိုဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၉ မြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးနိုင်ရန်ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့က ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၂၁၂၈၀၉၆ ဦးတို့အတွက် မဲရုံပေါင်း ၁၇၃၁ ရုံ ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

    

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာရှိပါတယ်။ မိမိဒေသကိုပြန်ပြီးမဲပေးနိုင်ခွင့် မရှိတဲ့ သူတွေနဲ့ ရက် ၉၀ နေထိုင်မှု မပြည့်သေးတဲ့သူတွေ အတွက် ပုံစံ(၁၅)နဲ့ ရောက်ရှိနေတဲ့ ဒေသကမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှာ လျှောက်ထားရင် သက်ဆိုင်ရာဒေသနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးနေပါတယ်။ ရက်ပေါင်း ၉၀ ပြည့် နေထိုင်သူတွေလည်း ဆန္ဒမဲပေးနိုင်ဖို့ ၁၀ ရက်နေ့ နောက်ဆုံးဆိုတော့ အဲ့ဒါကိုလည်း သတိပြုစေချင်ပါတယ်” ဟု မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်တင်က ပြောသည်။

    

မြောက်ပိုင်းခရိုင်အတွင်းရှိ ရပ်ကွက်၊ကျေးရွာကော်မရှင် အဖွဲ့ခွဲများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် အောက်တိုဘာ ၁ ရက်နေ့မှစ၍ အမည်စာရင်းများကို ထုတ်ပြန်ကြေညာထားပြီး သတ်မှတ်ရက်အတွက် လာရောက် ကြည့်ရှုနိုင်ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အသိပေးလျက်ရှိသည်။

 

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး