နေပြည်တော်၊ ဇန်နဝါရီ ၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၅ ရက် နံနက် ၅ နာရီခွဲတွင် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် အောင်သက်ဦးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ဧကရာဇ်ရပ်ကွက်၊ ရန်ကုန်-ပဲခူးသွား ကားလမ်းရှိ ထမင်းဆိုင်ရှေ့တွင် အာကာမင်း(ခ) ဆိုဒ်ကြီး(ခ)ငဆိုဒ်နှင့် လင်းခန့်(ခ)ငခန့်တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ (၂)ဦး ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၄၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအုပ်စု၊ ရဲစုကျေးရွာတွင် ပြည့်ဖြိုးမောင်(ခ) ကိုဖြိုးကို စိတ်ကြွရူးသွပ်ဆေးပြား ၂၀ နှင့်လည်းကောင်း၊ မွန်းလွဲ ၃နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ မြသီတာ ရပ်ကွက်နေ ထွန်းထွန်းလင်း(ခ)ကိုထွန်းကို ၎င်း၏နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)