ရန်ကုန် ၁၂ မေ

 

မေ ၁၁ ရက် ညနေ ၅ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ မီးရထားဝန်း၊ ကျွန်းတော(ကျူး)အတွင်းနေ ဦးအောင်ကျော်သည် ၎င်း၏သားဖြစ်သူ အောင်ဖြိုးမြင့်မြတ်၊ မင်းသူထက်နှင့် ပြည့်စုံ၊ အောင်ပိုင်သူတို့နှင့်အတူ နေအိမ်ရှေ့၌ အရက်ဝိုင်းဖွဲ့သောက်နေစဉ် နေအိမ်သို့ ရေသွယ်သည့်ကိစ္စဖြင့် ဦးအောင်ကျော်နှင့် အောင်ပိုင်သူတို့ စကားများရန်ဖြစ်ရာ အောင်ဖြိုးမြင့်မြတ်နှင့် မင်းသူထက်တို့က နေအိမ်အတွင်းမှ တူနှင့် ဓါးဦးချွန်အားယူပြီး တူနှင့်ထု၊ ဓါးနှင့်ထိုး၍ အောင်ပိုင်သူမှာ ဝဲရင်အုံ ထိုးသွင်းဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားသောကြောင့် တာဝန်မှူး ဒုရဲအုပ်သက်အောင်က တရားလိုပြုလုပ် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ပြစ်မှုကျူးလွန်သူ အောင်ဖြိုးမြင့်မြတ်နှင့် မင်းသူထက်တို့မှာ အခင်းဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ၎င်းတို့(၂)ဦးကို အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ည ၆ နာရီ ၅ မိနစ်တွင် သုဓမ္မာလမ်းမကြီးရှိ ဘုန်းကြီးလမ်းမီးပွိုင့်အနီးမှ ဖမ်းဆီးရမိသဖြင့် ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား