ရန်ကုန်   ၂၉  မေ

 

ကိုဗစ်-၁၉ ရောဂါ ပြည်သူလူထုအတွင်း ကူးစက်မှုမရှိစေရေး ကွင်းဆင်းရှာဖွေဆောင်ရွက်မှုအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီမံခန့်ခွဲမှုနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီတို့၏ အစီအစဉ်ဖြင့် အလိုအလျောက် ကိုယ်အပူချိန်တိုင်းစက် (Infrared Thermal Detection Unit) တပ်ဆင်ထားသော မော်တော်ယာဉ်ကြီးများဖြင့် တစ်ဦးချင်း ပြည်သူကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြုလုပ်သည်။

 

မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာစိန်က “ကျွန်မတို့မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ နှစ်ဦးရှိပါတယ်။ သူတို့နှစ်ဦးနေထိုင်တဲ့ ရပ်ကွက်တွေကို အဓိကထားပြီး ကျန်းမာရေးစစ်ဆေးမှု လုပ်တာပါ။ ကြိုတင်ကောက်ယူထားတဲ့ ကျန်းမာရေးစစ်တမ်း အချက်အလက်တွေကို စစ်ဆေးပြီး ကိုယ်အပူချိန်တိုင်း တာစစ်ဆေးမှုတွေ ပြုလုပ်တာ ဖြစ်ပါတယ်။  အခုလို ဆောင်ရွက်ခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ သံသယလူနာရှိနေရင် စောစောတွေ့ရှိပြီး ကုသမှုတွေကို အမြန်ဆုံးဆောင်ရွက် ပေးသွားနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

 

ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များက မြောက်ဥက္ကလာပမြို့နယ်၊ စံပြ(ဂ)ရပ်ကွက်ရှိ အိမ်ထောင်စု ၁၅၁၄ စုမှ လူဦးရေ ၆၈၉၈ ဦးနှင့်  (ဋ) ရပ်ကွက်ရှိ အိမ်ထောင်စု ၁၁၁၉ စုမှ လူဦးရေ ၅၂၀၀ တို့ကို ကြိုတင်ကောက်ခံထားသည့် မိသားစု ကျန်းမာရေး စစ်တမ်းများကို ကြည့်ရှုစစ်ဆေးကာ အလိုအလျောက် ကိုယ်အပူချိန်တိုင်းစက် (Infrared Thermal Detection Unit) တပ်ဆင်ထားသော မော်တော်ယာဉ်ကြီးများဖြင့် တစ်ဦးခြင်း ကျန်းမာရေးစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်ပေး သည့်အပြင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးကြသည်။  

 

ထိုသို့ဆောင်ရွက်မှုအပေါ် မြောက်ဥက္ကလာပမြို့နယ်၊ စံပြ (ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်အောင်မိုးက “ရပ်ကွက်နေပြည်သူတွေအားလုံး ကျန်းမာရေးစစ်ဆေးမှုခံယူနိုင်ဖို့ ကြိုတင်အသိပေးမှုတွေ လုပ်ခဲ့တယ်။ စစ်ဆေးတဲ့ အချိန်မှာလည်း ပြည်သူအကုန်လုံးနီးပါး လာရောက်စစ်ဆေးမှု ပြုလုပ်ကြတယ်။ အခုလို စစ်ဆေးမှုခံယူလိုက်တော့ သူတို့အနေနဲ့လည်း ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုတွေရရှိသွားနိုင်သလို ကျန်းမာရေးမကောင်းသူတွေ ရှိနေရင်လည်း အမြန်ဆုံးသိရှိပြီး ကာကွယ်ထိန်းချုပ်မှုတွေ ပြုလုပ်သွား နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။ 

 

အဆိုပါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နှစ်ဦးတွေ့ရှိထားသည့်အတွက် ထိုကဲ့သို့ ဆောင်ရွက်မှုနှင့်အတူ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလှုပ်ရှားမှုများကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဆောင်ရွက် လျက်ရှိသည်။ 

 

အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အတည်ပြုလူနာ အများဆုံးတွေ့ရှိထားသော အင်းစိန်မြို့နယ် အပါအဝင် မရမ်းကုန်း၊ တာမွေ၊ လှိုင်သာယာမြို့နယ်တို့တွင် မြို့နယ်အဆင့် အနေဖြင့် ဆောင်ရွက်ခဲ့ သည့်အပြင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိထားသော မြို့နယ်များတွင် အတည်ပြုလူနာ နေထိုင်သည့် လမ်းနှင့် ရပ်ကွက်များအတွင်း၌ ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့တွင် ယင်းသို့ ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်