မြောက်ဥက္ကလာပ ၂၆ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူများ၏ Lock downနေအိမ်များသို့ အခြေခံစားသောက်ကုန် (၇)မျိုးကို အလှူရှင်များက ယမန်နေ့ နံနက် ၁၁ နာရီက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်အတွင်း ရောဂါရှိသူများ၏ Lock down နေအိမ်များမှ မိသားစုများ လတ်တလော စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ မြို့မိမြို့ဖများနှင့် အလှူရှင်များက စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်းနှင့် ပူးပေါင်း၍ ငွေကျပ် သိန်း(၁၀၀) ကျော်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို ရပ်ကွက်(၈)ရပ်ကွက်မှ အိမ်ထောင်စု (၅၅၀) ထံသို့ လှူဒါန်းခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂)သောင်း တန်ဖိုးရှိ ဆန်(၅)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန် (၅၀)ကျပ်သား၊ ကုလားပဲ (၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ငါးသေတ္တာ (၅)ဘူး၊ ခေါက်ဆွဲခြောက် (၁၀)ထုတ်ကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ စေတနာရှင်လူမှုဘဝ စောင့်ရှောက်ရေးအသင်းနှင့် အလှူရှင်များက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မိမိရပ်ကွက်ရှိ Lock down နေအိမ်များသို့ သွားရောက် လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)


