ဝင်းကြိုင်

မမြောက်ဦးမြို့ဟောင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၏ ထူးခြားသည့် တစ်ခုတည်းသော ယဉ်ကျေးမှုအခင်း အကျင်းများတည်ရှိရာဖြစ်သည်။ မြို့ဟောင်းပတ်ဝန်းကျင်ရှိ အထောက်အထား အကြွင်းအကျန်များသည်လည်း အတိတ်တစ်ချိန်က ခမ်းနားကြီးကျယ်ခဲ့သော မြို့တော်၏ ပြယုဂ်အဖြစ်လည်းကောင်း၊ ၁၅ ရာစုမှ ၁၈ ရာစုအတွင်း နိုင်ငံတကာကုန်သွယ်စီးပွားရေး အချက်အချာဒေသအဖြစ်လည်းကောင်း ကမ္ဘာ့သမိုင်းစာမျက်နှာတွင် ပါဝင်ခဲ့ပေသည်။ မြောက်ဦး၏ မဟာဗျူဟာမြောက် တည်နေရာသည် အိန္ဒိယသမုဒ္ဒရာဒေသအတွင်း နိုင်ငံတကာ ကုန်သွယ်ရေးစခန်း ဖြစ်ခဲ့ရုံမျှသာမက အရှေ့တောင်အာရှ ဗုဒ္ဓဘာသာဒေသများသို့ မဟာမုနိရုပ်ပွားတော် ဓလေ့အစဉ်အလာကိုလည်း ပြန့်ပွားစေခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ထွန်းကားခဲ့သော မကိုဋ်ခေါင်းဆောင်းနှင့် မင်းဝတ်တန်ဆာများ ဆင်ယင်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များ ကိုးကွယ်မှုဓလေ့သည် ဒေသတွင်း ယဉ်ကျေးမှုများသို့ ပျံ့နှံ့ခဲ့ခြင်းပင်ဖြစ်သည်။ ခမ်းနားသပ္ပာယ်စွာ တည်ဆောက်ခဲ့သော သျှစ်သောင်း၊ ထုက္ကန်သိမ်ဂူဘုရား၊ ရတနာပုံ၊ လင်ပန်းပြောက် စသည့်စေတီပုထိုးများ စသည်တို့သည်မြောက်ဦးခေတ်၏ ထူးခြားသော ဗိသုကာလက်ရာများ ဖြစ်ခဲ့သည်။

အရပ်မျက်နှာ သုံးဘက်မှ ကာကွယ်ထား          

ဘင်္ဂလားပင်လယ်အော် အရှေ့ဘက်ကမ်းရိုးတန်းရှိ မြောက်ဦးမြို့၏တည်နေရာသည် တောင်စဉ်တောင်တန်းများသွယ်တန်းရာ မြေမျက်နှာပြင်မျိုးဖြစ်သည်။ မြောက်ဘက်မှ တောင်ဘက်သို့ နိမ့်ဆင်းလာသော ဆင်တောင်တန်းနှင့်တောင်စွယ်များသည် ချင်းတောင်တန်း၏ တောင်ဘက်ဖျားတွင် ပါဝင်သည်။ တောင်စွယ်တစ်ခုဖြစ်သော မောင်းဆွဲတောင်တန်းသည် မြောက်ဘက် ဆင်တောင်တန်းမှ တောင်ဘက်ရှိဘောင်းဒွတ်၊ မောင်းဆွဲကျေးရွာများအနီး သွယ်တန်းကာ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ မြို့အရှေ့ဘက်ရှိ လေးမြို့မြစ်ဝှမ်းတွင် အခြားတောင်တန်းငယ်နှစ်ခုဖြစ်သော မကြားတောင်တန်းနှင့် ပရိမ်တောင်တန်းတို့တည်ရှိသည်။ အနောက်ဘက်အရပ် မျက်နှာတွင်မူ ပို၍ကျယ်ပြန့်သော မြေနိမ့်လွင်ပြင်နှင့် ကုလားတန်မြစ်၏ မြစ်လက်တက်နှင့် ချောင်းငယ်များစွာ ယှက်ဖြာလျက်ရှိသည်။ မြောက်ဘက်တွင် လင်းမြွေ

တောင်တန်းနှင့် အခြားတောင်ကုန်းများတည်ရှိရာ မြောက်ဦးမြို့၏ ရေအရင်းအမြစ်နှင့် ရေသွင်း၊ ရေထုတ် လုပ်ဆောင်မှုများအတွက် အရေးကြီးသော ပထဝီဝင်ဆိုင်ရာဖြစ်တည်မှုများဟု ဆိုရပေမည်။ သို့ဖြစ်၍မြောက်ဦးမြို့တော်ကို မျက်နှာသွင်ပြင်အရ သဘာဝအတားအဆီးများဖြင့် အရပ်မျက်နှာသုံးဘက်မှ ကာကွယ်ထားပေသည်။ အရှေ့ဘက်ရှိ သဘာဝမြေပြင်မှာ ကာကွယ်ရေးအမြင်အရ အားနည်းချက်များရှိနေသော လွင်ပြင်များဖြစ်၍ မြို့ရိုး၊ ကျုံး အထပ်ထပ်တည်ဆောက် ကာရံထားခဲ့သည်။

မြို့တော်တည်ဆောက်ထားသော တောင်များကာရံ ထားသည့်တည်နေရာသည် တစ်နည်းအားဖြင့် အရှေ့ဘက်ရှိ လေးမြို့မြစ်ဝှမ်းနှင့် အနောက်ဘက်ရှိ ကုလားတန် မြစ်ဝှမ်းတို့ကို လွှမ်းမိုးထားသည်။ ပင်လယ်ဝမှ ကုန်းတွင်းဘက်သို့ ကီလိုမီတာ ၆၀ ခန့် ဝေးကွာနေခြင်းသည် အိန္ဒိယသမုဒ္ဒရာ ဘင်္ဂလားပင်လယ်ရပ်ဝန်း၏ လုံခြုံစိတ်ချ ရသော ကုန်သွယ်စီးပွားရေးဗဟိုချက် ဖြစ်လာခဲ့သည်။

လက်ရှိမြို့ဟောင်းပတ်ဝန်းကျင်ရှိ မြေပြင်တွင် မူလအတိုင်း ကြွင်းကျန်ရစ်နေသော အမွေအနှစ်လက်ရာ တန်ဖိုးများ၊ ရုပ်သွင်ထင်ရှားရှိသော အမွေအနှစ်တန်ဖိုးများသည် တစုတဝေးတည်း ခင်းကျင်းပြသထားသကဲ့သို့ ရှိပေသည်။ ယင်းတို့သည် သမိုင်းဝင် မြောက်ဦးမြို့တော်၏ စစ်မက်ရေးရာ ကာကွယ်တည်ဆောက်မှုများ၊ ဥယျာဉ် လယ်ယာစိုက်ပျိုးမြေများ၊ ဘာသာရေးအဆောက်အဦနှင့် သာသနိကလက်ရာများအဖြစ် ရာစုနှစ်သုံးစုကျော် တည်တံ့ခဲ့ကြပေသည်။ မြေမျက်နှာပြင်၌ ထင်ဟပ်ကျန်ရှိသည့် လက်ရာများအဖြစ် တောင်ကုန်းတောင်တန်းများပေါ်ရှိ မြို့ရိုးစနှစ်၊ မင်းခမ်းမင်းနား ဓလေ့ထုံးစံပွဲများဆိုင်ရာ မြေပြင်လက္ခဏာတည်ဆောက်မှုများ၊ သင်္ဘောကျင်း၊ ရာသီအလိုက် စီးဆင်းသော ချောင်းမြောင်းနှင့် ကတွတ်ပေါက်၊ ကျုံး၊ ရေကန်၊ ရေတွင်းနှင့် ရေတံခါးတို့ကို တွေ့နိုင်ပါသည်။ အလားတူ ရှေးဟောင်းသုတေသနဆိုင်ရာ ရုပ်ဆင်းသွင်ပြင် လက်ရာများအဖြစ် မြို့ပေါက်တံခါး၊ ခံတပ်၊ နန်းတော်ရာနှင့် နန်းတော်တံတိုင်း၊ ကျီတိုက်၊ စဉ့်ဖိုနှင့် မြောက်ဦးခေတ် ကျောက်စာချပ်များကိုလည်း လေ့လာနိုင်ပါသည်။ ထူးခြားသော ရုပ်ပိုင်းဆိုင်ရာလက်ရာများမှာ ဘာသာရေး အဆောက်အဦများဖြစ်သော ဂူဘုရား၊ စေတီ၊ ဗုဒ္ဓဆင်းတုတော်များ၊ နတ်ကွန်း၊ သိမ်အဆောက်အဦနှင့် ပိဋကတ်တိုက်တို့ ဖြစ်ကြသည်။ များပြားလှသော ဤအဆောက်အဦများကို မှတ်တမ်းစာရင်းပြုစုထားခဲ့ရာ၁၀၀၀ ကျော်ရှိပြီး ရှေးဟောင်းသုတေသနဆိုင်ရာ ကုန်းဟောင်း အကြွင်းအကျန်များလည်း ပါဝင်လျက်ရှိသည်။

 

mdn

 

ဘက်စုံ ဖွံ့ဖြိုးခဲ့

မြောက်ဦးမြို့တော်၏ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊  ကုန်သွယ်ရေးနှင့် ဗုဒ္ဓသာသနိကလက်ရာများ တည်ရှိမှု အခင်းအကျင်းသည် ကမ္ဘာ့မြေပုံပေါ်ရှိ မြစ်ဝကျွန်းပေါ်  ဘူမိရုပ်သွင်များတွင် ရှားပါးလှသည့် နေရာယူထားခြင်းမျိုးဖြစ်သည်။ ဤသို့ထူးခြားသည့် အခြေစိုက်ဖြစ်ထွန်းမှုမျိုး  ရရှိနိုင်ရန် ရေအရင်းအမြစ် အသုံးချမှုအင်ဂျင်နီယာစနစ်၊ ပတ်ဝန်းကျင်ရှိ အခြေအနေကိုလိုက်ကာ တီထွင်ဖန်တီးနိုင်ခဲ့သော နည်းပညာများ၏အကျိုးဆက်ဟု ဆိုရပါမည်။ ၁၅ ရာစု မှ ၁၈ ရာစုအတွင်း အိန္ဒိယသမုဒ္ဒရာဒေသ၏  ကုန်သွယ်မှုကွန်ရက်တွင် အရေးကြီးသော စီးပွားရေးဆုံရပ်ဖြစ်လာမှု၊ ဗုဒ္ဓသာသနိက ဗိသုကာလက်ရာအခန်း ကဏ္ဍဖွံ့ဖြိုးမှုနှင့် အရှေ့တောင်အာရှဒေသ၏ ဗုဒ္ဓဘာသာသမိုင်းတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးအပါအဝင် ဘက်စုံ ဖွံ့ဖြိုးခဲ့သည့် မြို့တော်ကြီးတစ်ခုဖြစ်ခဲ့ခြင်းမှာ အဓိက သက်သေသာဓကများ ဖြစ်သည်။

ထိုမှတစ်ပါး ဗုဒ္ဓဆင်းတုတော်များနှင့် သာသနိက  အဆောက်အဦတို့၏ ဆက်လက်တည်ရှိမှုမှာ မြောက်ဦး မြို့တော် လူမှုအဖွဲ့အစည်း၏ဘာသာရေးဆိုင်ရာ ထူးခြားထင်ရှားမှုပင်ဖြစ်သည်။ အေဒီ ၁၇၈၄ ခုနှစ် နောက်ပိုင်း ကာလတွင် ကိုးကွယ်ပူဇော်မှုနှင့် ဓလေ့ထုံးစံများမှာ မူလအတိုင်း တည်မြဲခဲ့ပေသည်။ သို့သော် မြို့တော်ဖွံ့ဖြိုး တိုးတက်စဉ်အချိန်က အကွက်ချကာ စနစ်တကျ တည်ဆောက်ခဲ့သော မြို့ရိုး၊ ကျုံး၊ ခံတပ်တို့၏ အသုံးဝင်မှု မရှိ၊ ရပ်တန့်ခဲ့ရခြင်းမှာ အမွေအနှစ်များ၏ပုံရိပ်ကျဆင်း တိမ်ကောလာခြင်းကို ညွှန်ပြခဲ့လေသည်။

ရခိုင်ယဉ်ကျေးမှု အခြင်းအရာများဖြစ်

မြောက်ဦး၏ထူးခြားထင်ရှားမှုကို သက်သေအထောက်အထားဖြင့် ညွှန်းဆိုပြရပါမူ ရေသွင်း၊ ရေထုတ် စသည့် ရေအရင်းအမြစ်အသုံးချမှု အင်ဂျင်နီယာများ၏ အထောက်အပံ့ဖြင့် တဖြည်းဖြည်း တိုးတက်မြင့်မားလာသော ကာကွယ်ရေး၊ စိုက်ပျိုးရေး စသည့်အကျိုးဖြစ်ထွန်းမှု ဆိုင်ရာ အခြေတကျတည်ဆောက်နေရာယူမှုများပင် ဖြစ်သည်။ အလားတူ ဘာသာဆိုင်ရာ ဗိသုကာအနုပညာ နှင့် ဒေသ၏မူလဟန်ကို ပေါ်လွင်ထင်ရှားစေသော

ကျောက်ဆစ်အနုပညာလက်ရာများလည်း ပါဝင်သည်။ သို့ဖြစ်၍ ရေအရင်းအမြစ်ကို အသုံးချသော ကာကွယ်ရေး၊ စိုက်ပျိုးရေးနှင့် ရေအသွင်း အထုတ်စီမံခန့်ခွဲမှု စသည့်ပထဝီဝင်ဆိုင်ရာ နိုင်ငံရေးအ ဆောက်အဦတည်ဆောက်မှု မြေပြင်လက္ခဏာများသည်လည်း မြောက်ဦးယဉ်ကျေးမှု၏ သက်သေ သာဓကများတွင် ထည့်သွင်းရပေမည်။ ဤထူးခြားထင်ရှားမှုများသည် မြောက်ဦးမြို့တော်၏ သာမန်ထက်ပိုသော အမွေအနှစ်တန်ဖိုးများအဖြစ် သတ်မှတ်နိုင်သော မြေပြင်လက္ခဏာများ၊ ရုပ်ဝတ္ထု အဆောက်အဦ၊ ယုံကြည်မှု၊ ဓလေ့ထုံးစံနှင့် ကုန်သွယ် ကူးသန်းရောင်းဝယ်မှု စသည်တို့နှင့်ဆက်စပ်နေပြီး အရှေ့တောင်အာရှဒေသတွင် ထွန်းကားခဲ့သော ရခိုင် ယဉ်ကျေးမှုအခြင်းအရာများလည်း ဖြစ်သည်။

သက်သေထူဆဲ မြောက်ဦးအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းနိုင်ရေးအတွက် နယ်နိမိတ် သတ်မှတ်နိုင်ရာတွင် အထက်ဖော်ပြပါမြေပြင်တွင် ထင်ဟပ်နေသော အသွင်သဏ္ဌာန်များ၊ ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦလက်ရာများကို ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးရှိမှုများ (Potential Outstanding Universal Value) 3ayo ထည့်သွင်းခဲ့သည်။ အမွေအနှစ်တန်ဖိုး၏ ဂုဏ်ဒြပ်တို့တွင် ကာကွယ်ရေးဆိုင်ရာ အဆောက်အဦများဖြစ်သည့် မြို့တံတိုင်း၊ မြို့ဝင်ပေါက်၊ ကျုံးနှင့် ဘာသာရေးဆိုင်ရာ စေတီ၊ ဂူဘုရား၊ ဗုဒ္ဓဆင်းတုတော်၊ သိမ်၊ ပိဋကတ်တိုက် စသည့်အဆောက်အဦများသည် မူလနေရာအသီးသီးတွင် ပကတိတည်ရှိနေကြပြီး ရှေးယခင်ကအတိုင်း အသုံးပြုကြဆဲပင်ဖြစ်သည်။ ကာကွယ်ရေးဆိုင်ရာ အဆောက်အဦတို့မှာ အသုံးပြုနိုင်ခြင်း မရှိတော့သော်လည်း မြို့ပြအဆောက်အဦတည်ဆောက်မှု ဗိသုကာနယ်ပယ်တွင် ရှေးယခင်ကတိုးတက်ဖွံ့ဖြိုးခဲ့မှု၏ အထောက်အထားများအဖြစ် သက်သေထူဆဲပင် ဖြစ်သည်။

သို့ဖြစ်၍ သတ်မှတ်ထားသော မြောက်ဦးအမွေအနှစ်များသည် မူလတည်နေရာ၊ ဖွဲ့စည်းမှုအတိုင်း တွေ့မြင်နိုင်ပါသည်။ ယခုလက်ရှိ မြို့ဟောင်းသည်ပင်လျှင် လူနေအိမ်များဖြင့် ဆက်လက်နေထိုင်ဆဲမြို့အဖြစ်လည်းကောင်း၊ ထူးခြားသည့် သာသနိကအဆောက်အဦများကို ဆက်လက် ကိုးကွယ်ဆည်းကပ်မှုများဖြင့်လည်းကောင်း အသက်ဝင်ရှင်သန်ဆဲပင်ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပခရီးသွား အများပြည်သူတို့ လာရောက် ကြည့်ရှုလေ့လာကြရသော နေရာများလည်းဖြစ်သည်။ တစ်ချိန်က ရေသိုလှောင်စီမံခန့်ခွဲရာ ဆည်မြောင်း၊ ကန်၊ ချောင်း၊ မြို့ရိုး၊ ကျုံး၊ တံတိုင်း အသီးသီးကိုလည်း ယခုအခါ လည်ပတ်ကြည့်ရှုစရာနေရာများအဖြစ် တစ်ကျော့ပြန် အရေးပါလာခဲ့ပေသည်။

မြောက်ဦးဒေသခံများမှာ ဘုရားသွားကျောင်းတက် အလေ့အထကို စွဲမြဲပြီး ရိုးရာအစဉ်အလာများဖြင့် နေသားကျသူများဖြစ်သည်။ စေတီ၊ ပုထိုးများ၌ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများအတိုင်း ကျင့်သုံးနေထိုင်မှုနှင့် ပွဲတော်ကျင်းပမှုများ ပုံမှန်ဆောင်ရွက်လေ့ရှိကြသည်။ သို့ဖြစ်၍ မိခင်ဘာသာစကားမှအစ ဒြပ်မဲ့ယဉ်ကျေးမှု အားလုံးမှာ မူလအတိုင်းပင် မြင်တွေ့ကြားသိရဆဲ ဖြစ်ပေမည်။ ပတ်ဝန်းကျင်ရှိ ဆည်မြောင်း၊ ကန်၊ ချောင်းများ မှာလည်း အသုံးပြုနိုင်ဆဲပင်ဖြစ်သည်။ ထင်ရှားသည့် လက်ဆည်ကန်၊ အနူမကန်တို့မှာလည်း ရှေးကအတိုင်းပင် တွေ့မြင်နိုင်ပါသေးသည်။ အပြောင်းအလဲမရှိသော ပုံသဏ္ဌာန်၊ လက်ရာပစ္စည်းနှင့် တည်ဆောက်မှုများဖြင့် ထင်ရှားသည့် သျှစ်သောင်းပုထိုးတော်၊ ကိုးသောင်းပုထိုးတော်တို့အား မြောက်ဦးမြို့သူမြို့သားများ၏ ကြည်ညို ကိုးကွယ်နေပုံမှာ အတိတ်ကာလအချိန်ကအတိုင်း ပြန်လည် မြင်ယောင်ရပေမည်။

ယနေ့ကာလတွင် မြောက်ဦးအမွေအနှစ်တို့

တည်ရှိရာ ဇုန်နယ်နိမိတ်အကျယ်အဝန်း၏ ၄၈ ရာခိုင်နှုန်းဖြစ်သော မြေဧရိယာဟက်တာ ၄၅၀၀ ကျော်အား ပတ်ဝန်းကျင်ဒေသခံ တောင်သူလယ်သမားများက စိုက်ပျိုးမြေအဖြစ် အသုံးချလျက်ရှိပါသည်။ ယင်းသတ်မှတ် ဧရိယာအတွင်းမှ မြေပြင်အမွေအနှစ်လက္ခဏာနှင့် ရုပ်ပိုင်း ဆိုင်ရာအဆောက်အဦများမှာ ကာလကြာမြင့်စွာ လျစ်လျူရှုခြင်းခံရမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် မသမာသူတို့၏ ဖျက်ဆီးမှုဒဏ်ကို ခံစားခဲ့ရပြီးဖြစ်ပါသည်။ မြို့တွင်း၊ မြို့ပြင်၌ လူဦးရေ ဖွံ့ဖြိုးတိုးတက်လာမှု နောက်ကွယ်လိုအပ် ချက်များအရ အမွေအနှစ်တို့ ထိခိုက်ပျက်စီးရာ ပျက်စီးကြောင်းဖြစ်လာပြီး မြောက်ဦးမြို့အတွက်လည်း အရုပ်ဆိုး အကျည်းတန်စရာ မြင်ကွင်းများ သဖွယ်ဖြစ်လာပါသည်။ ယင်းအခြေအနေများကြားမှ စိတ်သက်သာစရာတစ်ခုမှာ ရှေးဟောင်းသုတေသနဆိုင်ရာ ကုန်းဟောင်းများစွာကို ရှာဖွေမှတ်တမ်းတင်ထားနိုင်ခြင်းသာ ဖြစ်ပါသည်။ အလားတူ မဝေးတော့သောကာလတွင် မြောက်ဦး၏အတိတ်ကာလကို ပြန်လည်ဖော်ထုတ်ပေးနိုင်မည့် သိပ္ပံနည်းကျသုတေသန လုပ်ငန်းများကို ပေါင်းစပ်စီမံခန့်ခွဲမှု မူဘောင် (Integrated Management Framework) များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဖွံ့ဖြိုးတိုးတက်လာမှုများကို ထိန်းညှိရန်နှင့် အမွေအနှစ်တို့ကို ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် တရားဝင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှေးဟောင်းအဆောက်အဦ မှတ်တမ်းစာရင်းများဖြင့် လည်းကောင်း၊ ဇုန်နယ်နိမိတ်သတ်မှတ်ခြင်းများဖြင့်လည်းကောင်း ချိတ်ဆက်ထားပါသည်။ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်မည့် နယ်နိမိတ်ကိုလည်း အမွေအနှစ်တည်ရှိရာ ဇုန် (Property Zone)နှင့် ကာကွယ်စောင့်ရှောက်ရာ ဇုန် (Butter Zone)တို့ကို အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော “ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ”နှင့်အညီ ပီပြင်စွာ သတ်မှတ်ထားနိုင်ခဲ့ပြီးဖြစ်သည်။

ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်လည်း ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ နိုင်ရေးအတွက် ဌာနဆိုင်ရာ၊ ဥပဒေပြဋ္ဌာန်းမှုနှင့် လူမှုစီးပွား ဖွံ့ဖြိုးမှုများပါဝင်သော “မြောက်ဦးဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်မှုကော်မတီ” (Mrauk-U Com)ကို လည်း ဖွဲ့စည်းခဲ့ပါသည်။ လုပ်ငန်းတာဝန်များဆောင်ရွက်နိုင်ရန် နိုင်ငံတော်အဆင့်၊ ပြည်နယ်/ တိုင်းဒေသကြီးအဆင့် နှင့် ခရိုင်ဒေသအဆင့် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့များ ဖွဲ့စည်းကာ မြောက်ဦးဒေသ အမွေအနှစ်ဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းများကို တရားဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်များ ဖြင့် ဆောင်ရွက်လျက်ရှိနေပါသည်။ ။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့နိုင်ရေးအတွက် အကျိုးရှိရှိ စီမံဆောင်ရွက်မည့် အစီအစဉ်များတွင် ပျက်စီးယိုယွင်းမှုများကို ပြင်ဆင်ခြင်း၊ ဆက်လက် မပျက်စီးအောင် ထိန်းသိမ်းခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာလုပ်ငန်းများ နှင့် လာရောက်လေ့လာသူ ခရီးသွားများအတွက် စီမံခန့်ခွဲခြင်း စသည်တို့ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်သွား ရမည်ဖြစ်သည်။ ။

လက်တွေ့အနေအထားတွင် မြောက်ဦးရှိကျောင်း၊ ကန်၊ စေတီပုထိုး စသော သာသနိက အဆောက်အဦများ နှင့် လက်ရာပစ္စည်းများကို ဥပဒေဖြင့် ကာကွယ်ထားရုံမျှမက ဒေသခံများ၏ ရိုးရာအစဉ်အလာ ကျင့်သုံးမှုများဖြင့်လည်း ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။ အထွတ်အမြတ် နေရာဒေသများကို ပူဇော်ခြင်း၊ ဘုရားဖူးထွက်ခြင်း နှင့် သာသနိကအဆောက်အဦ လက်ရာပစ္စည်းများကို ရိုသေကိုင်းရှိုင်းခြင်းမှာ သမိုင်းစဉ်တစ်လျှောက် တည်ရှိခဲ့သော မြန်မာတစ်မျိုးသားလုံး၏ အစဉ်အလာဖြစ်ပါသည်။ ဤအစဉ်အလာများသည် အဖျက်သမားတို့ လုယက် ဖျက်ဆီးမှု၊ မသမာသူတို့၏ ရည်ရွယ်ချက်ရှိရှိ ခိုးယူမှုများကို တားမြစ်ဟန့်တားနိုင်ခဲ့ပေသည်။ ဤကဲ့သို့ ဒေသခံလူမှု အဖွဲ့အစည်းများ၏ ဓလေ့ထုံးတမ်း အစဉ်အလာများဖြင့် ထိန်းသိမ်းစောင့်ရှောက်မှု၊ တာဝန်ရှိဘက်စုံဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ အကောင်အထည်ဖော် လုပ်ဆောင်မှုများသည် မြောက်ဦးဒေသ၏ တစ်မူထူးခြားသည့် အမွေအနှစ်လက်ရာပစ္စည်း၊ ယဉ်ကျေးမှုအဆောက်အဦနှင့် ယဉ်ကျေးမှုအခင်းအကျင်းတို့ကို အပြောင်းအလဲမရှိ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားနိုင်မည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ ။

Reference: Mrauk-U Nomination Dossier