မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ပုဂံဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမျိုး ဆောင်ရွက်သွားနိုင်ရန် JICA အား တိုက်တွန်း

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ပုဂံဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် တွေ့ကြုံခဲ့သည့် အခက်အခဲများ၊ အတွေ့အကြုံများကို အသုံးချ၍ ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်နိုင်ရေးအတွက် အလားတူ စီမံကိန်းမျိုး ဆောင်ရွက်ရန် JICA အား တိုက်တွန်းလိုပါကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပုဂံ ယဉ်ကျေးမှု ခရီးစဉ်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

 

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရည်မွန်က ပုဂံဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်၊ ရင်ဆိုင်တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို ဆွေးနွေး အဖြေရှာကြရန်နှင့် စီမံကိန်းရေရှည်တည်တံ့ရန် ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ စီမံကိန်းကို လုပ်ငန်း အစုအဖွဲ့များအလိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဓိကအောင်မြင်မှုများမှာ ဂျပန်ဘာသာဖြင့် လက်ကမ်း စာစောင်/ မြေပုံထုတ်လုပ်နိုင်ခဲ့ခြင်း၊ Website ထူထောင်ခြင်း၊ ခရီးသွားသတင်း အချက်အလက်စင်တာကို တည်ဆောက် ခြင်း၊ ပုဂံဒေသ အဓိကလမ်းကြောင်းများမှာ Signage များတပ်ဆင်နိုင်ခဲ့ခြင်း၊ ဂျပန်နိုင်ငံမှ သင်တန်း နည်းပြများဖြင့် သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ခြင်း၊ အမှိုက်ရှင်းလင်းရေး အစီအစဉ်များ ဆောင်ရွက်နိုင်ခဲ့ခြင်း၊ CBT ကျေးရွာများသို့ နေ့ချင်းပြန်ခရီးစဉ်များ၊ အချက်အပြုတ်ခရီးစဉ်များ စီစဉ်နိုင်ခဲ့ခြင်းတို့ဖြစ်ကြောင်း ဆွေးနွေးပွဲမှ သိရသည်။ 

 

 

ပုဂံဒေသသည် မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ယဉ်ကျေးမှု ခရီးစဉ်ဒေသတစ်ခု ဖြစ်သည့်အတွက် ထိုစီမံကိန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

 

အလုပ်ရုံဆွေးနွေးပွဲသို့ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပြည်နယ်/တိုင်း ဒေသကြီးအစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ Working Group (၃)ခုမှ အဖွဲ့ဝင်များ၊ INGOs များမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

 

MDN