မြောက်ဦး ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖွင့်လှစ်ထားရှိသော မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၊ ခရိုင်အားကစားခန်းမနှင့် ခရိုင်ပြည်သူ့ဆေးရုံ Quarantine Centre အသွားအလာ ကန့်သတ်စောင့်ကြည့်မည့်သူများ ထားရှိမည့် နေရာများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများက ဇူလိုင် ၂၁ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် ဦးဆောင်သောအဖွဲ့သည် မြောက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ခရိုင်အားကစားခန်းမအတွင်း၌ ကိုဗစ်-၁၉ လူနာများ ထားရှိကုသနိုင်ရန် အသုံးအဆောင်ပစ္စည်းများ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး၊ လျှပ်စစ်မီး ရရှိရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများကို အလှည့်ကျတာဝန်ပေးအပ်နိုင်ရေး မှာကြားခဲ့သည်။ ဆက်လက်၍ ကိုဗစ်-၁၉ လူနာများထားရှိရန် ပြင်ဆင်ထားရှိမှု၊ Quarantine Centre ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်မှုအခြေအနေများနှင့် မြောက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများ ထပ်မံများပြားလာပါက အဆင်သင့်ထားရှိနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံဟောင်း Quarantine Centre နှင့် ခရိုင်ပြည်သူ့ဆေးရုံ Quarantine Centre များစီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


