မြောက်ဦး ဇူလိုင် ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နန်းရိပ်ကရုဏာ အောက်ဆီဂျင်ထုတ်လုပ်စက်ရုံကို ဇူလိုင် ၂၁ ရက်က စတင်လည်ပတ် လျက်ရှိရာ ယနေ့ ၂၅ ရက် နံနက် ၇ နာရီမှစတင်ပြီး မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်ပြည်သူ့ဆေးရုံများတွင် အရေးပေါ်လိုအပ်လျက်ရှိသော အောက်ဆီဂျင်များ အချိန်မီရောက်ရှိနိုင်ရေးနှင့် အောက်ဆီဂျင်ဘူးများ ဖြန့်ဝေခြင်း၊ ဖြည့်တင်းပေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ဘူးများ လုံလောက်စွာထုတ်လုပ်ရရှိနိုင်ပြီဖြစ်၍ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်၊ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေး၊ မြို့နယ်ပြည်သူ့ဆေးရုံများ၌ ဆေးကုသမှုခံယူနေကြသော အရေးပေါ်လူနာများ၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် အမြန်ဆုံးကုစားပေးမည်ဖြစ်သည်။
နန်းရိပ်ကရုဏာ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံသို့ စစ်တွေ၊ ကျောက်တော်၊ မာန်အောင်၊ သံတွဲ စသောမြို့နယ်များမှ အောက်ဆီဂျင်များ လာရောက်ဖြည့်တင်းလျက်ရှိပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်သော အောက်ဆီဂျင်များကိုလည်း နေ့စဉ် အနည်းဆုံး (၁၆)လုံးမှ အလုံး (၂၀)ကြားပေးပို့လျက်ရှိရာ အခြားသောမြို့နယ်များမှ အောက်ဆီဂျင်လာရောက်ဖြည့်တင်းမှုများကို အတတ်နိုင်ဆုံး ကူညီစီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း နန်းရိပ်ကရုဏာအောက်ဆီဂျင်စက်ရုံဉက္ကဋ္ဌ ဦးမောင်းဝင်းရွှေထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း အောက်ဆီဂျင်လိုအပ်ချက်ဖြင့် အခက်အခဲမကြုံတွေ့စေရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အောက်ဆီဂျင်ထုတ်လုပ်စက်ရုံများ တည်ဆောက်နိုင်ရေးကိုလည်း မြို့နယ်များအလိုက် စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ ကြိုမ်းဆောင်ရွက်လျက်ရှိပြီး ယခုတည်ဆောက်ပြီးစီးခဲ့သော မြောက်ဦးမြို့ နန်းရိပ်ကရုဏာ အောက်ဆီဂျင်စက်ရုံမှာ ရခိုင်ပြည်နယ်တွင် ပထမဆုံးကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်ရုံဖြစ်ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


