မြောက်ဦး ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် ရှေ့ပြေး လေ့လာမှုအနေဖြင့် ရေအသုံးချမှုဆိုင်ရာ ပညာရှင်ဖြစ်သည့် အီတလီနိုင်ငံသား Professor Massimo Sarti နှင့် အဖွဲ့က ဖေဖော်ဝါရီ ၈ ရက်တွင် မြောက်ဦးမြို့သို့ ရောက်ရှိလာပြီး ကွင်းဆင်းလေ့လာလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်း၊ ရခိုင်သဟာယအသင်းမှ ဒေါ်မြစံပါယ်ညွန့်၊ ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းမှ ဒေါက်တာတင်မာအောင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ညွှန်ကြားရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကြည်ခင်တို့ ပူးပေါင်းပါဝင်သော အဖွဲ့က ကွင်းဆင်းလေ့လာလျက်ရှိကြောင်း သိရသည်။
ရေအသုံးချရေးဆိုင်ရာ ပညာရှင်ဖြစ်သည့် အီတလီနိုင်ငံသား Professor Massimo Sarti နှင့် အဖွဲ့သည် မြောက်ဦးမြို့ဝင် ရေလမ်းကြောင်းများဖြစ်သော ကျောက်ရာဇ်ကေချောင်း၊ ငွေတောင်ပေါက်ချောင်း၊ တောင်ဖြူကျုံး၊ မင်းသမီးပေါင်း၊ ပန်းဈေးမြောင်းချောင်း၊ လက်ဆည်ကန်နှင့် အနူမကန်တို့ကို ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းလေ့လာချက်များအရ ယခင်က ရေအသုံးချမှုစနစ်များကို ကျေနပ်ဖွယ်ရာ တွေ့ရှိရကြောင်းနှင့် ကာကွယ်ရေးစနစ်များ ဆောင်ရွက်သည့်နေရာတွင် ရေကိုအသုံးပြု၍ ဆောင်ရွက်ခဲ့သည့်အတွက် အားရကျေနပ်ဖွယ်ရာများ တွေ့ရှိရကြောင်း သိရသည်။
မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ယူနက်စကိုသို့ တင်သွင်းခဲ့ပြီးဖြစ်၍ ယခုလာမည့် ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှ ပညာရှင်များက လာရောက်ကွင်းဆင်း လေ့လာကြမည်ဖြစ်ကြောင်း သိရှိရသည်၊၊ မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင်မင်းအဆက်ဆက် ထီးနန်းစိုးစံအုပ်ချုပ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များကို ရေရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းရန် လိုအပ်လျက်ရှိ၍ ယခုအခါ ယူနက်စကိုမှ ကွင်းဆင်းလေ့လာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)


