မြောက်ဦးမြို့၌ အောက်ဆီဂျင်စက်ရုံ စတင်စမ်းသပ်လည်ပတ်လျက်ရှိ

မြောက်ဦး  ဇူလိုင် ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင်  အောက်ဆီဂျင် လုံလောက်စွာ ထုတ်လုပ်ရရှိနိုင်ရေး၊ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးနှင့် ပိုးတွေ့လူနာများအား အမြန်ဆုံးကုစားပေးနိုင်ရန်အတွက် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ရုံအတွင်း၌ စက်ပစ္စည်းများ တပ်ဆင်ပြီး အောက်ဆီဂျင်စက် စတင်စမ်းသပ်မောင်းနှင်မှုကို ဇူလိုင် ၂၂ ရက် နံနက် ၈ နာရီမှ စတင်၍ လည်ပတ်လျက်ရှိကြောင်း သိရသည်။

အဆိုပါစက်ရုံမှာ ရတနာ့မာရ်အောင်ကျောင်းတိုက်မှ မြောက်ဦးဆရာတော်ကြီး ဝနဝါသီ အရှင်ဝါယာမိန္ဒ ဦးစီးလျက် ရခိုင်ပြည်နယ်လုံးကျွတ် အောက်ဆီဂျင်လုံလောက်စွာရရှိစေရေး အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသနေသည့် အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အောက်ဆီဂျင် အလုံအလောက် ထုတ်လုပ်ပေးနိုင်မည့်အပြင်  ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူ့ဆေးရုံများ၏ အရေးပေါ် အောက်ဆီဂျင် လိုအပ်ချက်များကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် တည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံမှာ အလျားပေ(၅၀)၊ အနံပေ (၂၀)နှင့် အမြင့် (၁၈)ပေရှိ RC တစ်ထပ်အဆောက်အဦးဖြစ်ကာ တစ်နေ့လျှင် အောက်ဆီဂျင် (၄၀)လီတာဆံ့ အောက်ဆီဂျင်အလုံး (၄၀)ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များဖြစ်သော ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြို့နယ်များအတွက် အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း နန်းရိပ်ကရုဏာ အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမောင်းဝင်းချေထံမှ သိရသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် ဦးဆောင်သောအဖွဲ့မှ အဆိုပါစက်ရုံအတွင်း အောက်ဆီဂျင် လုံလောက်စွာ ထုတ်လုပ်နိုင်ရေးနှင့် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် အောက်ဆီဂျင်စက် စတင်မောင်းနှင်လည်ပတ်နေမှု အခြေအနေအား လှည့်လည်ကြည့်ခဲ့ပြီး လိုအပ်ချက်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)