မြောက်ဦး  ၃    ဇွန် 

 

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့၌ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန်လ ၂ ရက်နေ့မှစ၍ မြို့ပေါ် ရပ်ကွက်များရှိ သတ်မှတ်စုရပ် နေရာများ၌ စတင်ထိုးနှံ တိုက်ကျွေးပေးလျက် ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျှက်ရှိရာတွင် မြောက်ဦးမြို့ရှိ သတ်မှတ်စုရပ် နေရာများဖြစ်သော အလယ်ဈေးရပ်ကွက်တွင် မိခင်နှင့်ကလေး အသင်းသားဖွားခန်း၊ ကျောက်ရာဇ်ကေ တိုက်ပွဲရှောင်စခန်း၊ အောင်တပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ညောင်ပင်ဈေးအုပ်ချုပ်ရေးမှူးရုံးနှင့် တောင်ရပ်မူလွန်ကျောင်းတို့တွင် ပုံမှန်ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျှက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်လည်း လူစုလူဝေး မဖြစ်ပေါ်စေရန် တစ်ဦးနှင့် တစ်ဦးအား သတ်မှတ် အကွာအဝေး နေရာများ၌ စနစ်တကျ စောင့်ဆိုင်းစေပြီး အလှည့်ကျ စနစ်ဖြင့် ထိုးနှံပေးခြင်း၊ ကလေးနှင့် မိခင်များအား ကိုယ်အလေးချိန် စစ်ဆေးပေးခြင်းနှင့် ကိုယ်အပူချိန်များ တိုင်းတာပေးခြင်း၊ လက်ဆေးရာ နေရာနှင့် လက်သန့်ဆေးရည်များ ထားရှိပေးကာ လက်ကို စနစ်တကျ ဆေးကြောစေခြင်းတို့ကို ဆောင်ရွက်ထားရှိသည်။

 

ယင်းနောက် ရင်သွေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို မြို့နယ် ပြည်သူ့ကျန်းမာ ရေးဌာနမှ ဆရာ၊ ဆရာမများ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးလျှက်ရှိကာ တစ်ရက်လျှင် ကလေးငယ် ၅၀ ဦးခန့်သာ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

 

ထိုသို့ထိုးနှံပေးသော ပုံမှန်ကာကွယ်ဆေးမှာ ပိုလီယိုအကြောသေ၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး၊ ဦးနှောက်အမြှေးရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော၊ တီဘီ၊ ကြက်ညာချောင်းဆိုး၊ အသားဝါ(ဘီ) စသည့် ကာကွယ်ဆေးများအား ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင် မိခင်များကိုလည်း မေးခိုင်နှင့် ဆုံဆို့နာ ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးကြောင်း မြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ကျ ဆရာမ တစ်ဦးထံမှ သိရှိရသည်။

 

တင်ထွန်းဦး(ပြန်/ဆက်)