မြောက်ဦး  မေ ၁၅

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခိုက်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ၊ လူနေအိမ်များ၊ ဓာတ်တိုင်များ ကျိုးကျပျက်စီးခြင်း၊ လမ်းပိတ်ဆို့မှုများ မဖြစ်စေရေအတွက်  ယနေ့ နံနက် ၈ နာရီအချိန်က စုပေါင်းရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများက လမ်းဘေးဝဲယာနှင့် နေအိမ်များတွင် ကျိုးကျနေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ လဲကျနေသည့် ဓာတ်တိုင်များကို တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

 

မုန်တိုင်းတိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက်၊ အောင်တပ်ရပ်ကွက်နှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း (၂၇) ရွာ၊ အုပ်စု (၁၂)စုတို့မှ လုံးဝပျက်စီးသွားသည့် နေအိမ် (၈၃၄) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၂၁၇၆)လုံး၊ စာသင်ကျောင်း(၂၇) ကျောင်း၊ ဘုန်းကြီးကျောင်း(၂၈) ကျောင်း၊ ဆေးခန်း (၄) ခန်းရှိပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။

မြင့်စိုး(ပြန်/ဆက်)