မြောက်ဦး နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနည်းပညာပေး သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူ က သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်ဖြိုးမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာတွင် သတိထားလိုက်နာရမည့် အချက်များနှင့် ရှေ့ဆက် လုပ်ဆောင်သွားမည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိခဲ့သူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ရာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ၂၀ ရက် ကြာမြင့်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
တင်ဝင်း


